ပုသိမ်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင်

RFA Burmese
2025.01.03
ပုသိမ်မြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို AA ထိုးစစ်ဆင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်အချို့အား ရခိုင်ပြည်နယ် ဂွမြို့ကို ထိန်းချုပ်အပြီး ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
AA Infodesk

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်ထဲက ရခိုင်ရိုးမနဲ့ နီးတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီလ ၄ ရက် ဒီနေ့ပြောပါတယ်။

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးက ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ချောင်းဝဂျိုင်၊ ပေါက်လှဂျိုင်၊ မကျီးဇင် စတဲ့ ကမ်းရိုးတန်းက ရွာတွေကို AA က ဇန်နဝါရီလ ၂ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၃ ရက် မနေ့က ချောင်းဝဂျိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး စခန်းစွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဖမ်းဆီးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပေါက်လှဂျိုင်နဲ့ ချောင်းဝဂျိုင်က တစ်ဆက်တည်း။ အဲဒီမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ စစ်သားတွေလည်း ပြေးတာ ပြန်ဖမ်းမိတယ်။ သူတို့က လမ်းတွေ မသိကြဘူးလေ။ ဒီနေ့ ချောင်းဝဂျိုင်မှာ ဗုံးကြဲတယ်”

စစ်မတိုက်ချင်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံတွေက စစ်ဆေးရေးဂိတ်တွေ မရှိတဲ့လမ်းတွေကို ညွှန်ပြပေးနေရတယ်လို့ သူက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

AA ထိုးစစ်ကြောင့် မကျီးဇင်ရွာမှာ တပ်စွဲထားတဲ့ စစ်စခန်းတွေကို ရုပ်သိမ်းပြီး သာပေါင်းမြို့နယ် သဲဖြူရွာ (ဘောမိ) မှာ ပြန်အထိုင်ချ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ ကားလမ်းမှာရှိတဲ့ ဗေဒါစစ်ဆေးရေးဂိတ် မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဧရာဝတီတိုင်း ရခိုင်ရိုးမအစပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီဇင်ဘာ ၄ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ စစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေ သွားရောက်ခဲ့ပြီး စစ်ရေးသတိရှိကြဖို့ ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။