တိုက်ပွဲတွေကြောင့် ကျောင်းသား ၁၈,၀၀၀ ခန့် စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်နေ

RFA Burmese
2024.03.13
တိုက်ပွဲတွေကြောင့် ကျောင်းသား ၁၈,၀၀၀ ခန့် စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်နေ ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသူများကို ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက ပထမဆုံးအကြိမ် စနစ်သစ် Grade 12 တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၁ ရက်နေ့က စလို့ နိုင်ငံတစ်ဝန်းကျင်းပနေပြီး လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ကျောင်းသား ၁၈,၀၀၀ ခန့် လာရောက်ဖြေဆိုနိုင်ခြင်းမရှိကြပါဘူး။

ဒီစာမေးပွဲကို ဖြေဆိုဖို့ ကနဦးစာရင်းပေးတဲ့ကျောင်းသားအရေအတွက် ၁၄၆,၅၂၃ ဦး ရှိပါတယ်။ ဒါပေမဲ့ မတ်လ ၁၂ ရက်နေ့အထိ အဲဒီအထဲက ကျောင်းသူ ကျောင်းသား ၁၇,၇၉၈ ဦး လာရောက်ဖြေဆိုတာမရှိခဲ့ဘူးလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ ဘာကြောင့်ပျက်ကွက်တယ်ဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ် (ကရင်နီပြည်) မှာ အခုနှစ် စာစစ်ဌာနမဖွင့်နိုင်သလို ချင်းပြည်နယ်မှာလည်း စာမေးပွဲဖြေဖို့ စာရင်းပေးထားသူ ၁၇၀၀ ကျော်ထဲက စာမေးပွဲလာရောက်မဖြေဆိုသူ ၁၃၀၀ ကျော်အထိ ရှိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

ကျောင်းသူ ကျောင်းသားတွေဟာ စစ်ဘေးဒုက္ခသည်တွေအဖြစ် မိဘတွေနဲ့အတူ ထွက်ပြေးနေကြရတာကြောင့် တက္ကသိုလ်ဝင်စာမေးပွဲကို သွားရောက်မဖြေဆိုနိုင်ကြတာလို့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့က ကျောင်းသားမိဘတစ်ဦးက RFA ကိုပြောပါတယ်။

“ခိုင်ကမ်းဘက်က ကျောင်းတွေအားလုံးက မတက်ရတော့ဘူး။ ဆရာ၊ ဆရာမတွေကအစ အားလုံး ရှောင်နေကြတယ်။ အဆင်မပြေတော့ဘူးဖြစ်နေတာ။ အခုက ဘယ်သူမှလည်း မြို့ထဲ မဝင်ရဲတော့ဘူး။ ကျွန်တော်တို့ ခေတ်မကောင်းတဲ့အချိန်မှာလေ ဟိုဘက်ဒီဘက် ရှိနေတဲ့အချိန် စာမဖြေရတော့ဘူးဆိုတော့ ကျောင်းတက်က အလကားဖြစ်သွားမလားပေါ့နော်”

တိုက်ပွဲတွေ အခုအချိန်အထိ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေဟာ ခိုင်ကမ်းမြို့ပေါ်ကို မပြန်ကြရသေးဘူးလို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ခုတွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတစ်ခုတွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးထားသူ ၁၈,၆၀၂ ဦး ရှိခဲ့ပေမယ့် အဲဒီအထဲက စာမေးပွဲလာရောက်မဖြေဆိုနိုင်တဲ့ ကျောင်းသူ ကျောင်းသား ၁၀,၀၇၁ ဦး အထိ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလို စာမေးပွဲမဖြေဆိုသူများနေတာဟာ လုံခြုံရေးအခြေအနေကြောင့်လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

လာလို့အဆင်မပြေတဲ့သူတွေအများကြီးရှိတယ်။ အခုက ကျွန်တော်တို့ ကျောက်ဖြူက ကုန်းလမ်း၊ ရေလမ်းကို စစ်ကောင်စီက ပိတ်ထားတယ်။ စာမေးပွဲဖြေဖို့လာရင် ပညာရေးအလံဆိုလား အဲဒါနဲ့ လာရမယ်ဆိုပြီး ပြောတယ်။ မဟုတ်ရင် သူတို့ (စစ်ကောင်စီတပ်) က တစ်ခုခု လုပ်မိမှာပေါ့။ အဲဒါကို မိဘတွေက စိုးရိမ်ကြတယ်။ မထွက်ဘူး။ မဖြေနေတော့ဘူး အဲလိုပေါ့”

"ကျောက်ဖြူက ကုန်းလမ်း၊ ရေလမ်းကို စစ်ကောင်စီက ပိတ်ထားတယ်။ စာမေးပွဲဖြေဖို့လာရင် ပညာရေးအလံဆိုလား အဲဒါနဲ့ လာရမယ်ဆိုပြီး ပြောတယ်"

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ၁၈,၀၀၀ ကျော်ရှိတဲ့ ရန်ကုန်တိုင်းထဲမှာတော့ စာမေးပွဲ ဖြေဆိုဖို့ ပျက်ကွက်သူ ၉၀၇ ဦး ရှိနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်တဲ့စာရင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကြောင့် စာမေးပွဲဖြေဖို့ ပျက်ကွက်တာတွေရှိနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်္ဂလာဒုံမြို့နယ်က အထက်တန်းပြဆရာတစ်ဦးက RFA ကိုပြောပါတယ်။

“ကြားမှာ ကိုဗစ်တွေနဲ့ နိုင်ငံရေးတွေနဲ့ကျတော့ အဆင်မပြေတဲ့အခါ ကလေးတွေက အလုပ်ထွက်လုပ်ကြတယ်။ တချို့ကလေးတွေကျ နယ်ခံမှာ ထွက်လို့အဆင်မပြေတဲ့ ကလေးကျတော့လည်း ဒီမှာပဲ ကျောင်းဆက်တက်ကြတယ်။ မိဘနည်းနည်းသောင်သာ(အဆင်ပြေ)တဲ့ လူတွေကျတော့လည်း နေခဲ့ရတာပေါ့။ မိဘအဆင်မပြေတဲ့ ကလေးတွေကျတော့လည်း ထွက်ပြီး အလုပ်လုပ်ရတယ်။ တချို့ကျတော့လည်း မိဘသောင်သာ (အဆင်ပြေ) ပေမယ့် ကျောင်းသားတွေက အပြင်စိတ်တွေများသွားတော့ ကျောင်းမတက်ကြတော့တာ”

အခုနှစ် တက္ကသိုလ်ဝင်တန်း ကျောင်းသူကျောင်းသား ၁၈,၀၀၀ ခန့် စာမေးပွဲ လာရောက်မဖြေဆိုနိုင် ကြတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဝင် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဒီကိစ္စကို မသိရဘူးလို့ ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၁၆,၁၈၅၀ ဦး အထိရှိခဲ့ပြီး အခုနှစ်မှာ မတ်လ ၁၂ ရက်နေ့အထိ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၂၈,၇၂၅ ဦးသာရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ဖြေဆိုသူ သုံးသောင်းကျော် လျော့နည်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။