ရခိုင်မှာ စစ်မှုမထမ်းမနေရစနစ် တရားဝင်ပြဌာန်းရေး AA ကြိုးပမ်းနေ
2025.03.27
ရခိုင်ပြည်နယ်မှာ အသက် ၁၈ နှစ်ပြည့်သူတိုင်း အနည်းဆုံး ၂ နှစ်ကြာ စစ်မှုထမ်းရမယ့်စနစ်ကို အာရက္ခတပ်တော် (AA) က တရားဝင်ပြဌာန်းဖို့ပြင်ဆင်နေပြီး လက်ရှိမှာ ကျေးရွာတွေမှာ စည်းရုံးရေးနဲ့ လူစာရင်းကောက်ယူမှုတွေကို ကြိုတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသားတွေက အသက် ၁၈ နှစ်ကနေ ၄၅ နှစ် အတွင်း ရှိသူတွေ စစ်မှုထမ်း သင်တန်းတက်ရောက်ရမယ်လို့ ဆိုပါတယ်။
ဒီအစီအစဉ်ကြောင့် စိတ်မကောင်းဖြစ်နေရတယ်လို့ မြောက်ဦးမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက RFA ကို ပြောပါတယ်။
“စစ်မှုထမ်းနဲ့ပတ်သက်လို့ တပ်တော် (AA) က ရွာတွေမှာ အစည်းအဝေးလုပ်ပြီး ပြောနေကြတာရှိပါတယ်။ လူဦးရေ စာရင်းတွေလည်း လိုက်ကောက်နေကြတယ်။ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အောက်တွေ စစ်သင်တန်း နှစ်လ တက်ပြီးရင် နှစ်နှစ်စစ်မှုထမ်းရမယ်တဲ့။ အဲဒါကိုသိရကတည်းက ကျွန်တော်လည်း တော်တော်စိတ်ညစ် နေတယ်”
အာရက္ခတပ်တော် (AA) က အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဌာန်းချက် (National Defense Emergency Provision - NDEP) ကိုရေးဆွဲနေပြီး မကြာခင် တရားဝင်ထုတ်ပြန်လာနိုင်ဖွယ်ရှိတယ်လို့ AA နဲ့ နီးစပ်သူတွေကပြောပါတယ်။
လက်ရှိမှာ တရားဝင်ထုတ်ပြန်တာမရှိသေးပေမဲ့ ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ စည်းရုံးရေးနဲ့ လူစာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေတာလို့လည်းဆိုပါတယ်။
ဒီစနစ်ဟာ ရပ်ရွာစောင့်ရှောက်ရေးအတွက်လား၊ ဒါမှမဟုတ် တိုက်ခိုက်ရေးအတွက်လားဆိုတာကို ရှင်းရှင်း လင်းလင်း မသိရသေးတာကြောင့် ပြည်သူတွေအကြားမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့လည်း ဒေသခံ တွေကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်း လက်ခံ ဖြေကြားတာ မရှိပါဘူး။