ကျောက်တော်မှာ ဆေးရုံနဲ့စာသင်ကျောင်း ဗုံးကြဲခံရလို့ ကိုးဦးဒဏ်ရာရ
2024.05.15

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ရွာမှာရှိတဲ့ ကျေးရွာဆေးရုံနဲ့ စာသင်ကျောင်းတို့ကို မေလ ၁၄ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဆေးရုံတက်လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ကိုးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးသုံးလုံး ကြဲချခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့ညက ဗုံးလာကြဲတာပါ။ ဆေးရုံလည်း ပျက်စီးသွားတယ်။ ကျန်းမာရေးဝန်ထမ်း နှစ်ဦးဒဏ်ရာရတယ်။ ပြီးရင် နောက်ထပ် ခုနစ်ဦးခန့်လည်း ဒဏ်ရာရသွားတယ်။ ဒဏ်ရာပြင်းထန်သူတွေလည်း ပါတယ်”
ဒီအပြင် ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်ထားတဲ့ ကျောက်တော်အခြေစိုက် ခမရ-၃၇၄ တပ်ရင်းကိုလည်း စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ပြီး အဲဒီတိုက်ခိုက်မှုဖြစ်စဥ်မှာ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ မသိရသေးပါဘူး။
မနေ့က တစ်ရက်တည်းမှာပဲ သံတွဲမြို့နယ် လင်းသီရွာကို စစ်ကောင်စီရဲ့ ဘားဒါန်းတောင်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ သေဆုံးသူ ၁၂ ဦးအထိ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီပစ်ခတ်မှုမှာ ခုနစ်ဦးက ပွဲချင်းပြီးသေးဆုံးခဲ့ပြီး သုံးဦးက ဆေးရုံရောက်မှ သေဆုံးခဲ့တာပါ။ ဒီမနက်မှာတော့ ဒဏ်ရာရသူနှစ်ဦး ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ၁၂ ဦးအထိ မြင့်တက်လာပါ။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲ့ စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ခြောက်လကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ လက်ငယ်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာရသူ ခြောက်ရာနီးပါး ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။