ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူနှစ်ရာ့သုံးဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2025.03.05
ဖေဖော်ဝါရီလအတွင်း ရန်ကုန်မှာ လူနှစ်ရာ့သုံးဆယ်ကျော် ဖမ်းဆီးခံရ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်တစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့ညတွင် တွေ့ရစဉ်။
RFA

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လူနှစ်ရာကျော် (၂၃၃ ဦး) ဖမ်းဆီးခဲ့တယ်လို့ မတ်လ ၅ ရက်နေ့မှာ Rangoon Scout Network (RSN) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းအတွက် ပစ်မှတ်ထားပြီး ဖမ်းဆီးနေတဲ့အတွက် ညဘက်အပြင်ထွက်ရာမှာ လူငယ်တွေ သတိထားကြဖို့ Rangoon Scout Network (RSN) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲ စစ်မှုထမ်းစာရင်းတွေကို အမြဲနားစွင့်ထားပြီး အိမ်နဲ့ ကြိုတိုင်ပင်ပြီး စီစဉ်ထားကြဖို့နဲ့ ညဘက်တွေ လူပြတ်တဲ့နေရာတွေ မသွားလာကြဖို့ သတိပေးချင်တယ်ဗျ။ ညဘက်လမ်းဘေးထိုင်နေသူတွေနဲ့ လူပြတ်တဲ့နေရာ သွားလာနေသူတွေ အများဆုံး ဖမ်းဆီးခံထိနေပါတယ်”

ရန်ကုန်တိုင်းထဲက ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နဲ့ အလုံ စတဲ့မြို့နယ်တွေမှာ ဖမ်းဆီးခံရမှုအများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းမှာ အရပ်သားတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ် ၉၆ ခု ရှိခဲ့ပြီး အဲဒီအထဲက ဖြစ်ရပ် ၇၀ ကို အတည်ပြုနိုင်ခဲ့ပေမဲ့ ၂၆ ခုကိုတော့ အတည်ပြုစုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ လမ်းမတွေပေါ်မှာ အတင်းအဓမ္မ ဖမ်းဆီးခံရသူ ၁၀၆ ဦး၊ ဧည့်စာရင်းစစ်ရာကနေ ဖမ်းဆီးခံရသူ ၆၃ ဦး၊ သတင်းအတိအကျနဲ့ ရှာဖွေဖမ်းဆီးခံရသူ ၅၉ ဦးအပြင် တခြားနည်းလမ်းနဲ့ ဖမ်းဆီးခံရသူ ငါးဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖမ်းဆီးခံရသူတွေထဲမှာ စစ်ရေလှုပ်ရှားသူ၊ သပိတ်လှုပ်ရှားသူလို့ စွပ်စွဲဖမ်းဆီးခံရသူ လူငယ် သုံးဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က လမ်းမတော်မြို့နယ် လမ်းသစ်လမ်းမှာ တေးသံရှင်လင်းလင်းရဲ့ ရောင်နီသီချင်း တီးခတ်ခဲ့တဲ့ လူငယ် ငါးဦးလည်း ဖမ်းဆီးခံခဲ့ရ‌တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်မှုထမ်းသင်တန်းအပတ်စဉ် (၁၀) အတွက် စုဆောင်းထားသူ ငါးရာကျော်ကို တိုက်ကြီးနဲ့ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီအချက်အလက်တွေဟာ RSN နဲ့ ချိတ်ဆက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာသတင်းတွေဆီကနေ ကိုးကား ပြုစုတွက်ချက်ထားတာလို့ ဆိုပါတယ်။

RSN အဖွဲ့ဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ်အသီးသီးမှာ လူငယ်တွေဖမ်းဆီးခံရတဲ့ အခြေအနေတွေနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို နေ့စဉ် မှတ်တမ်းတင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။