တက္ကသိုလ်ဝင်တန်းဖြေဆိုသူ မနှစ်ကထက် သုံးသောင်းကျော်လျော့နည်း

RFA Burmese
2024.03.12
တက္ကသိုလ်ဝင်တန်းဖြေဆိုသူ မနှစ်ကထက် သုံးသောင်းကျော်လျော့နည်း ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသူများအား ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 12:22 PM Mar 12, 2024

နိုင်ငံတစ်ဝန်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ မနှစ်ကထက် သုံးသောင်းကျော် လျော့နည်းသွားပါတယ်။

မနှစ်က စာမေးပွဲဖြေတဲ့သူ ၁၆၀,၀၀၀ ကျော်ရှိခဲ့ပြီး၊ အခုနှစ် စာမေးပွဲ ပထမရက်မှာ ဖြေဆိုသူ ၁၂၈,၈၀၁ ဦး ရှိတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ မတ်လ ၁၂ ရက်နေ့က ဖော်ပြထားတဲ့အတွက် လျော့နည်းသွားတဲ့ ဦးရေကိုတွေ့ရတာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူ ၁၄၆,၅၂၃ ဦးထဲမှာ ပျက်ကွက်သူ ၁၇,၇၂၂ ဦးရှိနေပြီး ပျက်ကွက်သူ ၁၀,၀၅၉ ဦးဟာ ရခိုင်ပြည်နယ်က ဖြစ်နေတာကို တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် စာမေးပွဲဖြေဆိုသူတွေ လျော့နည်းရတာဖြစ်တယ်လို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စာမေးပွဲကတော့ ရှိတယ်။ ဒါပေမဲ့ စာဖြေတဲ့သူ တအားနည်းတယ်။ စစ်မက်ဖြစ်ပွားခဲ့တဲ့ တခြားမြို့နယ်တွေမှာ စာစစ်ဌာန မဖွင့်တော့ စစ်တွေမှာ ပြောင်းဖြေရတော့ မလာနိုင်တာတွေ၊ မလာတာတွေ၊ လာလို့မရတဲ့ အခက်အခဲတွေ အဲဒါပေါ့"

စစ်ကောင်စီနဲ့ ပြည်နယ်တစ်ခုလုံးမှာ တိုက်ပွဲဖြစ်နေတဲ့ ကယားပြည်နယ်မှာတော့ စာစစ်ဌာနမရှိတဲ့အကြောင်း စစ်ကောင်စီပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။

စာမေးပွဲဖြေဆိုဖို့ စာရင်းပေးပြီးမှ ပျက်ကွက်မှု ရာခိုင်နှုန်းအရတော့ ချင်းပြည်နယ်က ၇၆.၇၃ ရာခိုင်နှုန်းနဲ့ အများဆုံး ရှိနေပါတယ်။

စာမေးပွဲဖြေဆိုသူတွေထဲမှာ မန္တလေးတိုင်းက ၁၉,၄၄၂ ဦးနဲ့ တစ်နိုင်ငံလုံးမှာ ဖြေဆိုသူအများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းမှာ ၁၈,၉၄၃ ဦး၊ ရန်ကုန်တိုင်းမှာ ၁၈,၀၅၆ ဦး အသီးသီးရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ပညာရေးကို သပိတ်မှောက်ကြသူတွေရှိခဲ့ပြီး စစ်ကောင်စီလက်ထက်မှာ တက္ကသိုလ်တက်ရောက်သူ ကိုးဆယ်ရာခိုင်နှုန်း လျော့နည်းသွားခဲ့တာကို အာဏာမသိမ်းခင် ၂၀၁၉-၂၀ နှစ်နဲ့ အာဏာသိမ်းပြီးနောက် ၂၀၂၂-၂၄ ခုနှစ် စာရင်းတွေကို နှိုင်းယှဉ်တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။