KIO နယ်မြေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထက်ဝက်ကျော်အောင်မြင်

RFA Burmese
2024.05.01
KIO နယ်မြေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထက်ဝက်ကျော်အောင်မြင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခဲ့တဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း လာရောက်ကြည့်ရှုသူများအား ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့က တွေ့ရစဉ်။
EEDY

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ အထက်တန်းကျောင်းတွေကနေ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို KIO ပညာရေးဌာနက မေလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး ဖြေဆိုခဲ့တဲ့ကျောင်းသား ထက်ဝက်ကျော်အောင်မြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

KIO ပညာရေးဌာနရဲ့ စာရင်းအရ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၁၂၆ ဦး ဖြေဆိုခဲ့တဲ့အထဲက ၁၈၉၃ ဦး အောင်မြင်ခဲ့ပြီး ၁၂၃၃ ဦး ကျရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဖို့ရှိတာကြေင့် ကျရှုံးတဲ့ကျောင်းသားတွေကို ထပ်မံဖြေဆိုခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။

"ဆယ်တန်းအောင်ပြီဆိုရင် မိုင်ဂျာယန်တက္ကသိုလ်တွေမှာ ဆက်တက်ရမှာပေါ့။ နောက်တစ်ခုက ဆယ်တန်းစာမေးပွဲကျတဲ့ ကျောင်းသားတွေကိုလည်း စာမေးပွဲကို ပြန်ပြီးဖြေခိုင်းဖို့ ရှိပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့လည်း စနစ်သစ်ကို သင်ဖို့ရှိတယ််။ အဲဒါကြောင့် ဆယ်တန်းသမားတွေက မအောင်မနေပေါ့နော်၊ ကျောင်းသားတွေကို စီစဉ်ထားပါတယ်"

ကျရှုံးခဲ့တဲ့ကျောင်းသားတွေကို ဘာသာရပ်အားလုံး ပြန်ဖြေခိုင်းတာမျိုးမဟုတ်ဘဲ ကျတဲ့ဘာသာရပ်ကိုသာ အဓိကဖြေဆိုရမှာဖြစ်ပြီး လာမယ့် ဇွန်လလောက် ဖြေဆိုခိုင်းဖို့စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေက ကျောင်းသားတွေပါ KIO ပညာရေးဌာနအောက်က ကျောင်းတွေမှာ လာတက်ရောက်တာကြောင့် ကျောင်းသားဦးရေ ပိုများလာတယ်လို့ KIO ဘက်က ဆိုထားပါတယ်။

KIO ပညာရေးဌာနရဲ့စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၇၃၅ ဦးရှိခဲ့ပြီး ၁၄၃၇ ဦး အောင်မြင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။