ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဒရုန်း ခုနစ်စင်း KIA ပစ်ချ
2025.03.10

ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီရဲ့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မတ်လ ၈ ရက်နဲ့ ၉ ရက် တိုက်ပွဲ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်း ခုနစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စကခ-၂၁ ရဲ့ ကာကင်းစခန်းတချို့ကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲက မတ် ၈ ရက်နေ့ကစပြီး ပြန်ပြင်းထန်နေတယ်။ စကစ (၂၁) ရဲ့ ကာကင်းစခန်း တချို့လည်းရထားတာရှိတယ်။ မနေ့ကလည်း တစ်ညလုံးပစ်တာ။ ဒီနေ့လည်း တိုက်ပွဲပြင်းထန်နေတယ်။ တိုက်ပွဲနှစ်ရက်အတွင်း ဒရုန်း ခုနစ်စင်းကိုလည်း ပစ်ချခဲ့တာလည်းရှိတယ်”
ပစ်ချခဲ့တဲ့ ဒရုန်း ခုနစ်စင်းထဲမှာ အပူလှိုင်းခြေရာခံ ညကြည့်စနစ်ပါဝင်တဲ့ နည်းပညာမြင့် ဒရုန်းတချို့လည်း ပါဝင်ပြီး အရေအတွက် ဘယ်နှစင်းပါဝင်တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ တို့ကို ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး မြို့ပေါ်နဲ့ စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ဒေသတချို့က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အနီအောက်ရောင်ခြည် ဒါမှမဟုတ် အပူလှိုင်းခြေရာခံ ညကြည့်စနစ်ပါဝင်တဲ့ နည်းပညာမြင့် ဒရုန်းတွေကို အသုံးပြုလာတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။