ဗန်းမော်က ခရစ်ယာန် ဘုရားကျောင်း မီးရှို့ဖျက်ဆီးခံရ
2025.03.17

ကချင်ပြည်နယ် ဗန်းမော်မြို့က နှစ် ခုနစ်ဆယ်နီးပါး သက်တမ်းရှိ စိန့်ပက်ထရစ် ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းကို မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကုန်းရပ်ကွက်မှာရှိတဲ့ အဲဒီ ဘုရားကျောင်းကို ဗန်းမော်မြို့ စုပေါင်းရုံးဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်မီးရှို့ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သိုးထိန်းဆရာတော်ထိုင်တဲ့ ဘုရားကျောင်းကြီး ဟုတ်တယ်။ အဲဘေးမှာ အ.ထ.က (၂) စာသင်ကျောင်းလည်း ရှိတယ်။ ဖေဖော်ဝါရီလကတည်းက စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းက ဆရာတော်နေအိမ်၊ ဓမ္မာရုံတွေ အကုန်မီးရှို့ဖျက်ဆီးထားတာ။ ဘုရားကျောင်းကြီးပဲ ကျန်နေတာကို မနေ့က ပြန်လာပြီးရှို့သွားတာ”
ဒီဘုရားကျောင်းကို ၁၉၅၈ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဗန်းမော်မြို့ရဲ့ အထင်ကရ ဘုရားကျောင်း တစ်ကျောင်းဖြစ်တယ်လို့ သူက ပြောပါတယ်။
ဗန်းမော်မြို့ပေါ်မှာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ အပါအဝင် နေအိမ်အများအပြားလည်း လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းဗုန်းတွေကြောင့် ထိခိုက်ပျက်စီးနေပြီး ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က ချင်းပြည်နယ် ဖလမ်းမြို့နယ် တလန်းဇားရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်း အပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။