ဖရူဆိုမြို့နယ်က ခရစ်ယာန်ဘုရားကျောင်း လေကြောင်းသုံးတိုက်ခိုက်ခံရ

RFA Burmese
2023.08.18
ဖရူဆိုမြို့နယ်က ခရစ်ယာန်ဘုရားကျောင်း လေကြောင်းသုံးတိုက်ခိုက်ခံရ ထီးသော်ကူးကျေးရွာမှ သနားခြင်း မယ်တော် ဘုရားကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည်ကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
KNDF

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ထီးသော်ကူးရွာက သနားခြင်းမယ်တော် ခရစ်ယာန် ဘုရား ကျောင်းကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၂ ရက်နေ့ ည ၈ နာရီမှာ လေကြောင်းသုံး တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က သြဂုတ် ၁၈ ရက်နေ့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ထီးသော်ကူးရွာအနီး စစ်ကောင်စီတပ်နဲ့ KNDF တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးနဲ့ သက်ဆိုင်မှုမရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို လေကြောင်းသုံး တိုက်ခိုက်ခဲ့တာလို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘုရားကျောင်း အဆောက်အအုံအပါဝင် ဘုရားကျောင်းဝင်းအတွင်းမှာရှိတဲ့ တခြားအဆောက်အအုံတွေနဲ့ အုတ်တံတိုင်းတွေပါ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ လေကြောင်းတိုက်ခိုက် ခံရတဲ့ အခုဘုရားကျောင်းဟာ နှစ်ပေါင်း ၅၀ ဝန်းကျင် သက်တမ်းရှိပြီလို့ ပြောပါတယ်။

“ပြောရရင် ကက်သလစ် ချက်ကျောင်းအကြီးပါ။ နှစ်ပေါင်း ငါးဆယ်လောက်ရှိမယ်။ အုတ်နဲ့ ဆောက်ထားတဲ့ ဘုရားကျောင်းအကြီးပါ။ ဒီမှာ ဆိုရင် ဘယ်တပ်ဖွဲ့မှ တပ်စွဲ ထားတာမရှိဘူး။ အရှင်းကြီးပဲ ဒါကို ဗုံးလာကြဲသွားတာ။ စစ်ပွဲစည်းမျဉ်းမှာဆိုရင် အထူးသဖြင့် ဘာသာရေးဆိုင်ရာ၊ ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ တွေမှာ တပ်စွဲတာ၊ ဗုံးကြဲတိုက်ခိုက်တာ မလုပ်ရဘူးလို့ ဟန့်တားထားတာ ပေါ့နော်”

သနားခြင်းမယ်တော် ခရစ်ယာန်ဘုရားကျောင်းတည်ရှိတဲ့ ထီးသော်ကူးရွာဟာ အိမ်ခြေ ၃၀ ဝန်းကျင်ရှိတဲ့ ရွာတစ်ခုဖြစ်ပြီး တိုက်ပွဲတွေ စဖြစ်ကတည်းက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါ့ကြောင့် လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှုအခြေအနေကိုတော့ တိတိကျကျ မသိရှိရသေးဘူးလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိပါဘူး။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ကယားပြည်နယ်အတွင်းမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ လေကြောင်းနဲ့ လက်နက်ကြီးဒဏ် ကြောင့် ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေး အဆောက်အအုံ ၃၉ လုံး အထိ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။