ကလေးမြို့ ပျဉ်းခုံကြီးရွာက ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
2024.04.18

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းက အိမ်ခြေငါးရာနီးပါးရှိတဲ့ ပျဉ်းခုံကြီးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းတွေအပါအဝင် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဧပြီလ ၁၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဧပြီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာမှာရှိတဲ့နေအိမ်တွေအပြင် ခရစ်ယာန်ဘုရားကျောင်း ငါးကျောင်းပါ မီးလောင်ပျက်စီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာဘက်ကို မသွားရဲကြသေးဘူး။ ရွာလုံးကျွတ် နေအိမ်တွေ မီးထဲပါသွားတယ်။ စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့က ထွက်ပြေးကြတာ၊ ဘုရားကျောင်းက ရွာထဲမှာ ငါးကျောင်းရှိတယ်လေ”
မီးလောင်ပျက်စီးသွားတဲ့ ဘုရားကျောင်းတွေကတော့ East Baptist Church၊ West Baptist Church၊ Wesleyan Church၊ Believer Church နဲ့ Church Of the Rock တို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဘုရားကျောင်းနဲ့ နေအိမ်တွေအပြင် ကျေးရွာက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတဲ့ မူးယစ်ဆေးဖြတ်စင်တာ လည်း မီးလောင်ပျက်စီးခဲ့ပြီး စာသင်ကျောင်းကတော့ လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဧပြီ ၈ ရက်နေ့ကတော့ ကလေးမြို့၊ ရှားတောရွာက ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းထိခိုက် ပျက်စီးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ရှစ်သောင်းကျော် မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ မီးရှို့ခံရမှုတွေကို စာရင်းပြုစုနေတဲ့ Data For Myanmar အဖွဲ့က ဧပြီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။