လေကြောင်းရန်ကြောင့် တိတ်ဆိတ်နေတဲ့ ခရစ္စမတ်နေ့

ကယားပြည်နယ် (ကရင်နီပြည်) တစ်နေရာတွင် ခရစ္စမတ်နေ့ အကြို ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်။
ကယားပြည်နယ် (ကရင်နီပြည်) တစ်နေရာတွင် ခရစ္စမတ်နေ့ အကြို ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်။ (Christ the king, Loikaw)

ခရစ်ယာန် ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ကချင်၊ ချင်း၊ ကယားနဲ့ ကရင် စတဲ့ပြည်နယ်တွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ခရစ္စမတ်ပွဲကို တိတ်တဆိတ်ပဲ ကျင်းပခဲ့ကြပါတယ်။

ချင်းပြည်နယ်က မြို့နယ်အများစုမှာ ခရစ္စမတ်ပွဲတော်ကို မကျင်းပတော့ဘဲ အကျဥ်းချုပ်လောက်သာ လုပ်ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွတ်မြောက်သွားပြီဆိုရင် ဒါတွေက ပြန်လုပ်လို့ရတာပဲ ဆိုတဲ့စိတ်နဲ့ ကိုယ်က သည်းခံအောင့်အီးပြီး နေရတာပေါ့။ အရမ်းစိတ်တော့ မကောင်းဘူး။ အရင်က ဒီဇင်ဘာဆိုရင် ချင်းတောင်မှာဆို ပိုလို့တောင် ခရစ်ယာန်တွေ များတယ်ဆိုတော့လေ။ ညညဆိုရင် လူငယ်တွေရဲ့ Carol Singing အသံတွေဆိုရင် တစ်ရေးနိုးရင်တောင်မှ ကြားနေရတဲ့ နေရာတွေလေ။ အခုကတော့ Carol Singing အသံလည်း မကြားရတော့ဘူး။ လိုင်းပေါ်ကနေ ကိုယ်က ခရစ္စမတ် သီချင်းတွေ နားထောင်မိပြီဆိုရင်လည်း အရင်က ခရစ္စမတ် လုပ်ခဲ့ဖူးတဲ့ဟာတွေကို လွမ်းရတယ်ပေါ့နော်”

၂၀၂၁ ခုနှစ်၊ ခရစ်စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ကယားပြည်နယ် (ကရင်နီပြည်)၊ ဖရူဆိုမြို့နယ် မိုဆိုရွာအနီး လူလေးဆယ်ထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက် ခရစ္စမတ်နေ့ အပါအဝင် ဘာသာရေးပွဲတွေကို အကျဥ်းချုပ်လောက်ပဲ ကျင်းပကြပါတော့တယ်။

"ဘာသာရေးပွဲတွေကို လွတ်လွတ်လပ်လပ် မလုပ်နိုင်တာ အချိန်ကြာလာရင် လူမှုသဟဇာတဖြစ်မှု ထိခိုက်လာမှာ စိုးရိမ်ပါတယ်"

ဘာသာရေးပွဲတွေကို လွတ်လွတ်လပ်လပ် မလုပ်နိုင်တာ အချိန်ကြာလာရင် လူမှုသဟဇာတဖြစ်မှု ထိခိုက်လာမှာ စိုးရိမ်တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“စိတ်ရှိ လက်ရှိ ပျော်ပျော်ရွှင်ရွှင် မဆင်နွှဲနိုင်ခြင်းကလည်း လူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာမှာ လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုလည်း ထိခိုက်သလို လူမှုသဟဇာတဖြစ်မှုကိုလည်း ပျက်တုန်းစေတယ်လို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ စိုးရိမ်ချက်ရှိတယ်။ ဒီလိုပုံစံ နှစ်ပေါင်းများစွာ ဆက်ရှိနေရင်တော့ လူထုတွေကြားမှာ ဘာသာတရားအပေါ်မှာ ထားရှိတဲ့မေတ္တာတရားတွေလည်း အားနည်းသွားရင် လူမှုအသိုင်းအဝန်းတစ်ခုလုံးကို ထိခိုက်စေနိုင်တယ်”

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ ခင်ဦးမြို့နယ်၊ မုံလှရွာက ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်က အောက်တိုဘာလအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပါတယ်။

ကယားပြည်နယ် (ကရင်နီပြည်) တစ်နေရာတွင် ခရစ္စမတ်နေ့ အကြို ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်။ (Christ the king, Loikaw Photo)
ကယားပြည်နယ် (ကရင်နီပြည်) တစ်နေရာတွင် ခရစ္စမတ်နေ့ အကြို ကျင်းပနေသည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဥ်။ (Christ the king, Loikaw Photo)

အခုဆို မုံလှရွာမှာ ခရစ်ယာန် ဘာသာဝင်တွေဟာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှာ စိုးရိမ်စိတ်နဲ့ ဝတ်ပြုဆုတောင်းနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံလှရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒရုန်းနဲ့ ကျွန်မတို့ကျောင်းကို ချသွားတာဆိုတော့ ဒါကို ပြန်သတင်းပေးတဲ့လူရှိရင် ဒီဘုရားကျောင်းပေါ်ကို ဒရုန်းနဲ့ ချလိုက်မလားဆိုတဲ့အတွေးနဲ့ လူတိုင်းရဲ့ရင်ထဲမှာ ဒီခံစားချက်နဲ့ ကျောင်းတက်နေရတာ။ တရားဒေသနာ ဟောကြားတာ ပြောတာတောင်မှ တိုနိုင်သမျှ တို‌အောင်ပေါ့။ အဲဒီလို ဟောပြောပြီး ကျွန်မတို့ တက်ရတာ။ အဲဒါ အာဏာသိမ်းပြီးနောက်ကို အဲဒီလိုပဲ။ ခရစ္စမတ်မှ မဟုတ်ဘူး။ တနင်္ဂနွေနေ့တိုင်းရော အမြဲတမ်း အကျဥ်းချုပ် လုပ်ရတာပေါ့”

ခရစ်ယာန် ဘာသာဝင် အများစုရှိနေတဲ့ ကရင် အမျိုးသားအစည်းရုံ (KNU) ထိန်းချုပ်နယ်မြေတွေမှာလည်း ခရစ္စမတ်နေ့ကို တိတ်တဆိတ်ပဲ ဆင်နွှဲကြပါတယ်။

"လက်ရှိ နိုင်ငံပဋိပက္ခ အခြေအနေကြောင့် ပွဲလမ်းသဘင် မလုပ်တာက လုံခြုံမှု ပိုရှိစေပါတယ်"

ခရစ္စမတ်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တွေအတွက် ကြီးမြတ်တဲ့နေ့ဖြစ်ပေမဲ့ လက်ရှိ နိုင်ငံပဋိပက္ခ အခြေအနေကြောင့် ပွဲလမ်းသဘင် မလုပ်တာက လုံခြုံမှု ပိုရှိစေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“ခရစ္စမတ်နေ့ဟာ ခရစ်ယာန် ဘာသာဝင်တွေအတွက်ကတော့ အင်မတန်ကြီးမြတ်တဲ့ နေ့တစ်နေ့ ဖြစ်တယ်ဆိုပေမဲ့လို့ ကျွန်တော်တို့တိုင်းပြည်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူမဆန်တဲ့အုပ်ချုပ်သူတွေ အထူးသဖြင့် စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကတော့ ဘယ်လိုမှ လျော့တွက်လို့တော့ မရဘူး။ အဲဒါကြောင့်မို့ မိမိတို့ရဲ့ အသိသတိနဲ့ပဲ နေပြီး ကိုယ်ရဲ့နှလုံးသားထဲမှာပဲ ခရစ္စမတ်ကို ကျင်းပတာက ပိုပြီးလုံခြုံမှုရှိတယ်ဆိုတာပဲ ပြောချင်ပါတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ကုန်းလောရွာမှာ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ် အပါအဝင် ကိုးဦး သေဆုံးခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပြီး တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်မယ်လို့ ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် အဖွဲ့ချုပ်မှာ ကျင်းပတဲ့ ခရစ္စမတ်နေ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ဆက်နွှယ်သောသတင်းများ

အာဏာသိမ်းကာလ ခရစ်ယာန်ဘုရားကျောင်း တစ်ရာခန့် ဖျက်ဆီးခံရOpens in new window ]

မိုးမောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် ကိုးဦးသေဆုံးOpens in new window ]

မင်းတပ်မှာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဗုံးကြဲခံရOpens in new window ]

လေကြောင်းတိုက်ခိုက်ခံနေရတဲ့ ဒေသခံတွေနဲ့ စစ်ဘေးကြုံနေရတဲ့ ခရစ်ယာန်ဘာသာဝင် ဒုက္ခသည်တွေကတော့ ဒီနှစ် ခရစ္စမတ်နေ့ကစပြီး မြန်မာပြည် အမြန်ငြိမ်းချမ်းလာစေဖို့နဲ့ အေးချမ်းတဲ့ဘဝကို အမြန်ဆုံးရောက်နိုင်ဖို့ မျှော်လင့်ပြီး ဆုတောင်းကြတယ်လို့ ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းကာလ လေးနှစ်နီးပါးမှာ ခရစ်ယာန် ဘုရားကျောင်း တစ်ရာခန့် အပါအဝင် ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ သုံးရာကျော် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ဒီဇင်ဘာ ၂၄ ရက်နေ့က ပြောထားပါတယ်။