KIA ဌာနချုပ် လိုင်ဇာကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်
2025.02.27
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာနဲ့ အရင် KIA ဌာနချုပ်ဖြစ်ခဲ့တဲ့ လိုင်စင်ကို စစ်ရေးပစ်မှတ်ကို ဒရုန်းပါပစ်ချတိုက်ခိုက်တဲ့နည်းဖြစ်တဲ့ အသေခံဒရုန်း (suicide drone) နဲ့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက RFA ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နဲ့ ၂၄ ရက်နေ့တွေအတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လိုင်ဇာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဖေဖော်ဝါရီ ၂၅ ရက်နေ့က လိုင်ဇာကို နှစ်လုံး လာပစ်တယ်။ ပြီးရင် လိုင်စင် (ပါဂျောင်) ဘက်ကိုလည်း ပစ်သွားတယ်။ အဲဒီနေ့က လူထိခိုက်တာတော့ မကြားဘူးမိဘူး။ ဇန်ဝါရီ ၂၄ ရက်နေ့က လိုင်ဇာကို ဒရုန်းနဲ့ လာပစ်တယ်။ အဲဒီတုန်းကတော့ နေအိမ်တချို့ ထိခိုက်တာရှိတယ်”
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာလည်း စစ်ကောင်စီတပ်ဘက်က ဒရုန်း၊ အမြောက်အများ အသုံးပြု တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ဖားကန့်မြို့နယ်က KIA တပ်ရင်း (၆) နယ်မြေမှာ အခုရက်ပိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ပြီး ဒရုန်း တိုက်ခိုက်တာများလာတယ်လို့ ဆိုပါတယ်၊
ကချင်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလထဲမှာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၁၁ အပါအဝင် ၂၉ ဦး သေဆုံးခဲ့ပါတယ်။