ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဟာ ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူ နှစ်စဉ်နည်းလာတဲ့အတွက် ကျောင်းကိုပိတ်သိမ်းဖို့ စီစဉ်တဲ့အပေါ် ကျောင်းသားမိဘတချို့က ဇူလိုင် ၂၁ ရက်နေ့ အထက်ကျောင်းတွေ ပြန်စဖွင့်တဲ့ရက်မှာပဲ ကျောင်းရှေ့မှာ ကန့်ကွက်ခဲ့ကြပါတယ်။
နီးစပ်ရာကျောင်းတွေကို ပြောင်းရွှေ့အပ်နှံဖို့ ခရိုင်ပညာရေးမှူးက တောင်းဆိုပေမယ့် ကျောင်းသားမိဘတွေက လက်မခံတဲ့အတွက် ညှိနှိုင်းမှုအဆင်မပြေခဲ့ဘဲ ဒီနှစ် ကျောင်းတက်မယ့် ကလေးတွေ ကျောင်းပညာရေးထိခိုက်မယ့် အခြေအနေဖြစ်နေပါတယ်။
ဇူလိုင် ၂၁ ရက် ဒီနေ့မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းတွေ ပြန်ဖွင့်ခဲ့တဲ့အတွက် အလုံမြို့နယ် အ.ထ.က ၂ ကျောင်းမှာ ကျောင်းအပ်ထားတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၁၁ ယောက်က ကျောင်းလာတက်ခဲ့ပေမယ့် ကျောင်းမှာတော့ ကျောင်းကိုပိတ်သိမ်းထားကြောင်း ကြေညာထားပါတယ်။
အဲဒီအပေါ် ၁၁ယောက်လုံးရဲ့ မိဘတွေက ကန့်ကွက်နေကြတာပါ။
ကျောင်းသားမိဘ ဒေါ်မြင့်မြင့်စန်းက ဒီကျောင်းမှာပဲ သားသမီးတွေ ကျောင်းဆက်တက်နိုင်ဖို့ တောင်းဆိုပါတယ်။
"အမတို့ကတော့ သူတို့ပြောတဲ့စကားထဲမှာ သူတို့ဒီကလေးတွေကို အခြားကျောင်းမှာ ထားချင်တာကို လက်မခံခဲ့ဘူး၊ နောင်လည်းပဲ လက်ခံမှာမဟုတ်ဘူး၊ နောက်တစ်ပတ်ပြောလည်း ကျွန်မတို့ကတော့ ဒီကလေးတွေကို ဒီကျောင်းမှာပဲ စာသင်စေချင်မှာပဲ ဆရာမလက်ရှိ ရှိနေတဲ့အတွက်ကြောင့်၊ ကိုယ်လည်း ကြိုးစားပေးနေဦးမှာပဲ၊ ကျောင်းအုပ်ဆရာမကြီးကို ဘယ်လိုပြောလာမလဲတော့မသိဘူး၊ အမတို့ကတော့ သူတို့ကို ပယ်ချခဲ့တယ်၊ အမတို့ ဒီကျောင်းမှာပဲ ဒီကလေးကိုထားမယ်၊ ကျွန်မတို့ကျောင်းမပြောင်းဘူး၊ ဒီမှာပဲ ဆက်သင်ချင်တယ်လို့ ပြောခဲ့ပြီးတော့ သူတို့ပြောတဲ့ ကျောင်းပြောင်းရွှေ့ခြင်းကို သဘောမတူခဲ့ဘူး။"
ခရိုင်ပညာရေးမှူးက မြို့နယ်ပညာရေးမှူးရုံးမှာ ကျောင်းသားမိဘတွေနဲ့ တွေ့ဆုံပြီး နီးစပ်ရာကျောင်းတွေကို ပြောင်းရွှေ့ပေးဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် ကျောင်းသားမိဘတွေက လက်မခံတဲ့အတွက် ညှိနှိုင်းမှုအဆင်မပြေခဲ့ပါဘူး။
အနောက်ပိုင်းခရိုင်ပညာရေးမှူး ဒေါ်သိင်္ဂီမွန်က ဒီကျောင်းမှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ကျောင်းသား ဦးရေ နည်းလာတဲ့အတွက် ပိတ်သိမ်းဖို့ ပညာရေးဌာန အဆင့်ဆင့်ကို တင်ပြထားတာပါ။
"ကုန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်ကအထိ တစ်ကျောင်းလုံးပေါင်းလို့မှ လူငါးဆယ်မရှိတဲ့ ကျောင်းမှာ ကျွန်မတို့ ဆရာ၊ ဆရာမ အင်အားတွေကို ဒီမှာမြှုပ်နှံထားရတယ်၊ ကျွန်မတို့တွေသည် ကုန်ခဲ့တဲ့ ငါးနှစ်ကတည်းက ကျောင်းသားအင်အား နည်းလာတယ်၊ နည်းလာတယ်ဆိုတဲ့စာရင်းကို အပေါ်ကိုတင်ပြပါတယ်၊ အပေါ်က လည်းပဲ ကျောင်းသား တဖြည်းဖြည်း နည်းလာတာဖြစ်တဲ့အတွက်ကြောင့် ဒီကျောင်းသည်၊ ကုန်ခဲ့တဲ့နှစ် ဒီနှစ်ဆိုရင် ဆယ်တန်းမှာကျောင်းသား ဆယ်ဂဏန်းမရှိနိုင်တော့ဘူး၊ မရှိနိုင်တော့တဲ့ အတွက်ကြောင့် အဆင်မပြေရင် ဒီကျောင်းကို Section စာသင်ကြားရေးအပိုင်းကို ဖျက်သိမ်းမယ်လို့ ကုန်ခဲ့တဲ့နှစ်ကတည်းက DDG တို့ရယ်၊ နောက် အခြေခံက ညွှန်ချုပ်ကြီးတို့ရယ် အကုန်လုံးကို ကျွန်မတို့တွေက တင်ပြပြီးသားဖြစ်ပါတယ်၊ အဲလိုတင်ပြ ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်မှာတော့ ကျောင်းသားနည်းရင် Section စာသင်ကြားရေးအပိုင်းကို ဖျက်သိမ်းဖို့တင်မယ်၊ အပေါ်ကလည်း ချပေးမယ်ဆိုပြီးတော့ ညှိနှိုင်းထားပါတယ်။"
အခုနှစ်ပညာသင်နှစ်အတွက် ကျောင်းလာအပ်တဲ့ အထက်တန်းကျောင်းသား ၁၁ ယောက်ရဲ့ မိဘတွေကတော့ ဒီကျောင်းမှာပဲ အပ်နှံချင်တယ်ဆိုတဲ့အတွက် ကျောင်းအပ်လက်ခံခဲ့ပေမယ့် ကျောင်းသားဦးရေနည်းရင် နီးစပ်ရာ ကျောင်းတွေကို ပြောင်းရွှေ့ပေးခံရမယ်ဆိုတာကို ကြိုတင်သိထားပြီးသား ဖြစ်ပါတယ်။
ကျောင်းအပ်လက်ခံပြီးချိန်မှာတော့ အားလုံးပေါင်း အထက်တန်းကျောင်းသား ကျောင်းသူ ၁၁ ယောက်ထက် ပိုမလာလို့ ဆရာ/ဆရာမ အင်အားနဲ့ ကျောင်းသားအင်အား မမျှတဲ့အတွက် အလုံမြို့နယ်ထဲက အခြား ဘယ်ကျောင်းကိုမဆို ပြောင်းရွှေ့ပေးဖို့ ညှိနှိုင်းတာဖြစ်တယ်လို့ ဒေါ်သိင်္ဂီမွန်က ဆိုပါတယ်။
ကျောင်းသားမိဘတွေနဲ့ ညှိနှိုင်းမှုဟာ အဆင်မပြေခဲ့တဲ့အတွက် မိဘတွေကတော့ သူတို့ရဲ့ သားသမီးတွေကို ဒီကျောင်းကိုပဲပြန်ခေါ်လာပြီး ကျောင်းချိန်အတိုင်း တက်စေခဲ့ပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ နောက်တစ်ပတ်မှာ ထပ်မံညှိနှိုင်းဖို့ ပြန်လည်ချိန်းဆိုထားပေမယ့် ကျောင်းသားမိဘတွေက အခြားကျောင်းပြောင်းမှာကို လုံးဝလက်မခံဘူးဆိုတဲ့အတွက် ကလေးတွေရဲ့ ပညာရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။
ဆယ်တန်းကျောင်းသူတယောက်ရဲ့ မိခင်ဖြစ်တဲ့ ဒေါ်ဒေါင်းညွယ်ကတော့ သမီးဖြစ်သူကို အခြားကျောင်း မပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။
"ကလေးတွေအတွက် စိုးရိမ်ပေမယ့်လည်း မတတ်နိုင်ဘူးလေ၊ တခြားကျောင်းပြောင်းခဲ့ရင်လည်း သိပ်အဆင် ပြေမယ့် အခြေအနေမရှိဘူး ဒီနှစ်က၊ ဘာကြောင့်ဆိုရင် လမ်းသွားလမ်းလာလည်း အရမ်း ခက်ခဲတယ် အမတို့ အိမ်နဲ့ အမှတ် ၁ ကိုသွားဖို့အတွက်က၊ မိဘလည်းနေ့တိုင်းလို လိုက်မပို့နိုင်ဘူး၊ အမဆိုလည်း ကျန်းမာရေး မကောင်းဘူး၊ မကောင်းတဲ့အတွက်ကြောင့် ကလေးက သူတစ်ယောက်တည်းသွားနေရမယ်၊ တကယ်လို့ ဒီကျောင်းမှာမထားနိုင်ဘူး တခြားကျောင်းပြောင်းဆို ရတယ်ကိစ္စမရှိဘူး၊ တစ်နှစ်အောက်ရင်လည်း အောက်ပါစေတော့၊ အမဒီလိုပဲထားလိုက်မယ်။"
အခြားကျောင်းတွေကို သွားဖို့ အခက်အခဲရှိတဲ့အပြင် ကိုယ်တိုင်လိုက်မပို့နိုင်တဲ့အတွက် ဒီကျောင်းမှာပဲ တက်စေချင်တာဖြစ်တယ်လို့ ဒေါ်ဒေါင်းညွယ်က ဆိုပါတယ်။
ဒီကျောင်း ပိတ်သိမ်းမယ့်အစီအစဉ်ကို ကန့်ကွက်နေတဲ့ ကျောင်းသားမိဘတွေဟာ ဒီကျောင်းက ကျောင်းသား ဟောင်းတွေလည်း ဖြစ်ပါတယ်။
လက်ရှိ အ.ထ.က (၂) အလုံကျောင်းဟာ အလုံလမ်းပေါ် အလုံဘူတာရှေ့မှာရှိပြီး ကျောင်းရဲ့ အနောက်ဘက်မှာ အ.ထ.က(၁) ရှိသလို အရှေ့လမ်းကြားထဲမှာ အ.ထ.က (၃)နဲ့ သူ့ဘေးမှာတင် အ.ထ.က(၆) ရှိနေပါတယ်။
ဆယ်တန်းကျောင်းသူ မချမ်းပြည့်ပြည့်အောင်ကတော့ စာသင်နောက်ကျမှာ စိုးရိမ်နေပါတယ်။
"တခြား ထ (၃) တို့ ထ (၅) တို့လိုပဲ ဒီကျောင်းလည်း လူနည်းတယ်၊ ဒါပေမဲ့ ဒီကျောင်းမှာပဲတက်ချင်တယ်၊ သမီးသူငယ်တန်းကတည်းက ဒီကျောင်းမှာပဲတက်လာတာ၊ ဒီကျောင်းမပိတ်ရအောင်တော့ လုပ်ပေးမယ်လို့ ပြောတယ် မိဘကတော့၊ စာတွေနောက်ကျမှာတော့ စိုးရိမ်တယ်၊ မိဘတွေသဘောပါပဲ သမီးကတော့၊ အောက်မယ်ဆိုလည်း အောက်မယ်ပေါ့။"
အ.ထ.က (၂) အလုံကျောင်းဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ကျောင်းသားဦးရေနည်းလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့စာသင်နှစ်မှာဆိုရင် တစ်ကျောင်းလုံးမှာမှ ကျောင်းသား ကျောင်းသူ ၃၀ နီးပါးသာရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ကျောင်းကိုပိတ်သိမ်းဖို့ မြို့နယ်နဲ့ ခရိုင်ပညာရေးဌာနက အထက်ဆင့်အဆင့်တင်ပြပြီး စီစဉ်နေတာဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ၊ အခန်း(၄)၊ ပုဒ်မ(၆-ဆ) အမျိုးသားပညာရေးမူဝါဒကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအရ ကျောင်းတွေဖွင့်လှစ်တာ၊ ဖွင့်လှစ်ခွင့် ရပ်ဆိုင်းတာနဲ့ ပိတ်သိမ်းတဲ့ မူဝါဒတွေ ချမှတ်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီရဲ့ သဘောထားမှတ်ချက်နဲ့သာ ဆောင်ရွက်ပိုင်ခွင့် ရှိတယ်လို့ ပြဌာန်းထားပါတယ်။ ဒီကျောင်းကို ပိတ်သိမ်းဖို့ တင်ပြထားဆဲသာဖြစ်ပြီး တရားဝင်ခွင့်ပြုမိန့် မရသေးပေမယ့် အခုလိုကျောင်းကို ပိတ်ထားတာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးကာလမှာ အခြေခံပညာအထက်တန်းကျောင်းတွေကို ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ ဇူလိုင်လ ၂၁ ရက် ဒီကနေ့မှာ ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အလယ်တန်းနဲ့ မူလတန်းတွေကို ပြန်လည်ဖွင့်လှစ်မယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။