ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားအချို့ဖမ်းမိထားကြောင်း CNDF ပြော
2025.03.15

ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းညီနောင်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ပြောပါတယ်။
ဖလမ်းမြို့က စစ်ကောင်စီ လက်ကျန်တပ်စခန်း ခလရ (၂၆၈) တပ်ရင်း သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာလို့ CNDF ပြောခွင့်ရသူ ဆလိုင်းတင်မီထွဋ် RFA ကို ပြောပါတယ်။
“ငါးရက်မြောက် ရှိပြီပေါ့၊ တိုက်ပွဲက တော်တော်ပြင်းထန်တဲ့အနေအထားမှာရှိတယ်၊ သူတို့ကတော့ လေကြောင်း အဓိကထား တိုက်တာပေါ့၊ မြေပြင်မှာ ကျွန်တော်တို့က အသာစီးမှာရှိတဲ့အခါကြ သူတို့က လေကြောင်းကိုပဲ တစ်နေကုန် သုံးတယ်၊ ဒီနေ့မှာဆိုလည်း ဖလမ်းနားမှာ သူတို့ စစ်ကူလာချတဲ့ဟာလည်း ရှိတယ်၊ သူတို့ အင်းအားဖြည့်နေတာပေါ့၊ ကျွန်တော်တို့လည်း ခလရ (၂၆၈) ကို အပြီးသတ်သိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်”
ဒီရက်ပိုင်းအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ၊ စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေ ထပ်ဖမ်းဆီးရမိတာတွေရှိပေမဲ့ အရေအတွက်နဲ့ အသေးစိတ်ကို မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖလမ်းမြို့သိမ်းတိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နောက်ဆုံးကျန်နေတဲ့ ခလရ (၂၆၈) တပ်ရင်းကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ကနေ စစ်ကူပို့ပေးလာတဲ့ စစ်ကောင်စီတပ်သား ၅၆ ဦးကို တိုက်ပွဲအတွင်း ဖမ်းမိထားပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ CNDF ပြောထားပါတယ်။
ချင်းပြည်နယ်မှာ မြို့နယ် ကိုးမြို့နယ်ရှိတဲ့အနက် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ တွန်းဇံ စတဲ့ မြို့နယ် ငါးမြို့နယ်ကို ချင်းညီနောင်အဖွဲ့၊ အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်ကောင်စီအဖွဲ့တို့က အသီးသီး သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
ကျန်တဲ့ လေးမြို့နယ်ထဲက ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က မြို့သိမ်းတိုက်ပွဲ ထိုးစစ်ဆင်နေပြီး ဟားခါးနဲ့ ထန်တလန်မြို့တွေကိုတော့ ချင်းပြည်ကောင်စီအဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။