ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်ပြီး ရွာတချို့ ဗုံးကြဲတိုက်ခိုက်ခံရ

RFA Burmese
2025.03.05
ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်ပြီး ရွာတချို့ ဗုံးကြဲတိုက်ခိုက်ခံရ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ပျက်စီးခဲ့သော စာသင်ကျောင်းနှင့် နေအိမ်အချို့ကို KNU က ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Facebook/KNU

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ရွာတချို့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက ဘော့ဒိုင်းနဲ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က အစွန်းရွာကို မတ်လ ၄ ရက်နဲ့ ၅ ရက်နေ့အတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား လေးဦး ထိခိုက်ပြီး နေအိမ် သုံးလုံးနဲ့ စာသင်ကျောင်း တစ်ကျောင်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ရွာတွေဟာ တိုက်ပွဲဖြစ်တဲ့နေရာတွေမဟုတ်ဘဲ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အာရှလမ်းမအနီး ကော့နွဲရွာမှာလည်း တိုက်ပွဲပြင်းထန်နေပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ရှိနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာမှာတော့ လူတွေ မနေကြတော့ဘူး။ အကုန်ထွက်ပြေးနေတယ်။ အရင်တုန်းကတော့ ကြိုးကြားကြိုးကြား တိုက်ပွဲဖြစ်နေရင်းနဲ့ အခုရက်ပိုင်းမှာ တိုက်ပွဲက ပြင်းထန်လာတယ်။ ထိခိုက်ပျက်စီးမှုတွေလည်း တော်တော်လေး ရှိပါတယ်။ ဒေသခံတွေက ဘားအံတို့၊ မြဝတီတို့ဘက်ကို ထွက်ပြေးကြပြီ”

ကော့နွဲ့ရွာအပါအဝင် ရွာတချို့က ဒေသခံတွေ ထွက်ပြေးရတဲ့ အသေးစိတ်အခြေအနေကို RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ကော့ကရိတ်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF နဲ့ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တွေက မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ် ခမရ-၂၇၅ တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။