ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ

RFA Burmese
2025.03.01
ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲ ဆက်ပြင်းထန်နေ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တချို့အား ၂ဝ၂၄ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက RFA ကို ပြောပါတယ်။

ကော့ကရိတ်မြို့နယ် အထွက်မှာရှိတဲ့ ကော့နွှဲ့ကျေးရွာက ရွှေကြက်မင်း ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီက တပ်စွဲထားပြီး ဒေသခံတွေ နေထိုင်တဲ့ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေ နေ့စဥ် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

မြဝတီမြို့ကို ဦးတည်နေတဲ့ အင်အားထောင်နဲ့ချီတဲ့ အောင်ဇေယျ စစ်ကြောင်းကို KNU ပူးပေါင်းတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် တိုက်ပွဲဖြစ်ပွားနေတာ တစ်လနီးပါး ရှိလာနေပြီလို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက နေ့စဥ်လိုလိုရှိနေတာ ဖြစ်ပါတယ်။ ဖြစ်နေတာလည်း တစ်လလောက်တောင် ရှိနေပြီ။ လောလောဆယ်တော့ တိုက်ပွဲအခြေအနေကို သတင်းမပို့လာသေးပါဘူး”

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးတာတွေ ရှိပေမဲ့ အတိအကျကိုတော့ KNU က ထုတ်မပြောသလို RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF နဲ့ ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်တွေက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ-၂၇၅ တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါကြောင့် အင်အား တစ်ထောင်ကျော်ပါတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲပြီး လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။