ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ဗုံးကြဲခံနေရကြောင်း KNU ပြော

RFA Burmese
2025.03.03
ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ ဗုံးကြဲခံနေရကြောင်း KNU ပြော ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖျံတလင်းရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အပျက်အစီးများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Facebook/KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ရပ်ရွာတွေထဲကို စစ်ကောင်စီတပ်က အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိနေတယ်လို့ KNU က မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ် ငထွေစုတ်ရွာကို မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် တခြားရွာက လာရောက် စစ်ဘေးတိမ်းရှောင်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် အသက် ၂၇ နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ ကရင်ပြည်နယ် ဘားအံမြို့နယ် မဲသနရွာ ဗုံးကြဲခံရချိန် ဗုံးသီးတွေက မဲသနရွာ စာသင်ကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲတဲ့အပြင် မဲသနတောင်ခြေ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျောင်းသား ကျောင်းသူတွေ ကျောင်းမတက်ရဲဘဲ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ KNU က ပြောပါတယ်။

ဖေဖော်ဝါရီကုန်ပိုင်းမှာလည်း ကျောက်တံခါးမြို့နယ် ဖျံတလင်းရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဖျံတလင်းရွာ စာသင်ကျောင်းအပါအဝင် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းမြို့နယ်က ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။