စစ်အုပ်ချုပ်ရေးအောက်က အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံနေရ

RFA Burmese
2025.03.08
စစ်အုပ်ချုပ်ရေးအောက်က အမျိုးသမီးတွေ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံနေရ ထားဝယ်မြို့တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအား ၂၀၂၅ ခုနစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဥ်။
Facebook/ Democracy Movement Strike Committee-Dawei Photo

မတ် ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအနေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နေ့စဥ်ရှိနေတဲ့ စစ်ကိုင်းတိုင်းက ဆားလင်းကြီးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နဲ့ ကယားပြည်နယ် (ကရင်နီပြည်) စတဲ့ ဒေသတွေမှာ ဆန္ဒပြကြပါတယ်။

၂၀၂၅ ခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သတ်မှတ်ဆောင်ပုဒ်ဟာ (Accelerate Action) အရှိန်မြှင့် လုပ်ဆောင်ခြင်းဖြစ်ပြီး အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှရေးအတွက် အတူတကွ လုပ်ဆောင်ကြဖို့ ရည်ရွယ်တာလို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ အမျိုးသမီးများနေ့မှာ ပြည်တွင်းပြည်ပက အမျိုးသမီးအခွင့်အရေး လှုပ်ရှားကြတဲ့ အဖွဲ့အစည်းအသီးသီးကလည်း လက်နက်ကိုင်ဆောင်ထားသူတွေက အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ကျူးလွန်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်။

“အမျိုးသမီးတွေဟာ နေ့စဥ် အကြောက်တရားတွေနဲ့ ရှင်သန်နေကြရပြီး ကဏ္ဍပေါင်းစုံမှာ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံနေရပါတယ်”

အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ နေ့စဥ် အကြောက်တရားတွေနဲ့ ရှင်သန်နေကြရပြီး ကဏ္ဍပေါင်းစုံမှာ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မူဝါဒ ဦးဆောင်အဖွဲ့ဝင် ဒေါ်တင်တင်ညိုကတော့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတာတွေ၊ ဖိုဝါဒကြီးစိုးမှုတွေဟာ တရားမမျှတတဲ့ လုပ်ရပ်တွေလို့ RFA ကို ပြောပါတယ်။

“အကြမ်းဖက်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ ဟန်ချက်ညီညီနဲ့ လုပ်ဆောင်ရမဲ့ အနေထားလေးတွေ ရှိဖို့လိုတယ်။ အထူးသဖြင့် ဖိုဝါဒလွှမ်းမိုးတဲ့ အတွေးအခေါ် အယူဆတွေ၊ ပြီးတဲ့အခါကျရင် အာဏာရှိတဲ့သူတွေက အာဏာမဲ့တဲ့သူတွေကို နှိပ်စက်ညှင်းပန်းတဲ့ဟာ၊ နိုင်ထက်စီးနင်းပြုမူတဲ့ အတွေးအခေါ်တွေကို ပြောင်းလဲရမယ်။ လူတစ်စု လူတန်းစားတစ်စုကိုပဲ အခွင့်အလမ်းတွေ အကုန်လုံးပေးပြီးတော့မှ ကျန်တဲ့သူတွေကို ခွဲခြားဆက်ဆံတာမျိုး၊ လူမှုအသိုင်းအဝိုင်းရဲ့ တရားမမျှတမှုတွေကိုလည်း ကျွန်မတို့က ဖော်ထုတ်ရမဲ့နေ့လေးဖြစ်တယ်”

ဒါ့အပြင် ပဋိပက္ခဒေသတွေမှာ နေထိုင်ရတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး အင်အားစုတွေရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးတာ ကြုံရတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်သာမက တော်လှန်ရေး အင်အားစုတွေပါ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ကျုးလွန်နေတာတွေ ရပ်တန့်ဖို့ SISTERS TO SISTER အဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“တော်လှန်ရေးအတွင်း ပါဝင်ဆောင်ရွက်နေရတဲ့အချိန်မှာ စစ်ကောင်စီရဲ့ အမျိုးသမီးတွေအပေါ်မှာ နှိပ်စက်အနိုင်ကျင့်မှုတွေအပြင် အခုအဖွဲ့အစည်းအသီးသီးကနေမှ တော်လှန်ရေးထဲက အမျိုးသားတွေက တော်လှန်ရေးတပ်သားတွေက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု စော်ကားနှောက်ယှက်မှု အကြမ်းဖက်မှု တိုင်ကြားချက်တွေကိုလည်း လက်ခံရရှိနေတဲ့အခါမှာ ဒါတွေကို ရပ်တန်းကရပ်ဖို့ သတိပေးတဲ့အနေနဲ့ ဒီကြေညာချက်ကို ထုတ်ပြန်ရတာဖြစ်တယ်”

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတစ်ခုအား ၂၀၂၅ ခုနစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဥ်။ (Facebook/ အသံ - Athan ဓာတ်ပုံ)
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတစ်ခုအား ၂၀၂၅ ခုနစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဥ်။ (Facebook/ အသံ - Athan ဓာတ်ပုံ)

စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကို နေ့စဥ်ကြုံနေရတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မငယ်ကတော့ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျား-မ ခွဲခြားသူတွေကိုလည်း တိုက်ထုတ်မယ်လို့ ပြောပါတယ်။

“အာဏာရှင်စနစ်ကို တွန်းလှန်တယ်။ အာဏာရှင်စနစ်ကို တွန်းလှန်ရင်းနဲ့ပဲ အမျိုးသမီးတွေရဲ့ကဏ္ဍကို မြှင့်တင်ပေးပြီးတော့ ဘယ်နေရာမဆို နင်တို့က အမျိုးသမီးတွေမို့လို့ လုပ်လို့မရဘူး။ မဖြစ်သင့်ဘူး၊ မဖြစ်နိုင်ဘူးဆိုတဲ့ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေဆိုးကြီးကို အမြစ်ပြတ် တိုက်ထုတ်သွားချင်ပါတယ်”

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က မုံရွာ-မန္တလေး လမ်းပိုင်းမှာ မတ် ၄ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ပါဝင်တဲ့ ခရီးသည်တင်ယာဥ်ကို လူသားဒိုင်းအဖြစ် သုံးတဲ့အတွက် အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မိခင် အပါအဝင် ခရီးသွား သုံးဦး သေဆုံးခဲ့ရပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာမှာ အမျိုးသမီး ၁၀ သန်းကျော် အကူအညီ လိုအပ်နေ

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦး သေဆုံး

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်လအတွင်း အမျိုးသမီးတစ်ရာကျော် သေဆုံး


ဒါကိုမျက်မြင်ကြုံခဲ့ရတဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကိုမချန် လူသားဒိုင်းအဖြစ် အသုံးချတယ်လို့ RFA ကို ပြောပါတယ်။

“ကလေးလေးတွေလည်းပါတယ် ကားပေါ်မှာ၊ ဒီလိုလုပ်ရပ်တွေ မလုပ်သင့်ဘူး။ မတရားအနိုင်ကျင့်တယ်။ လူသားဒိုင်းလုပ်တယ်လို့ ခံစားရတယ်။ တက်တက်ချင်းကိုမှ ကားဆရာက ကလေးတွေ ပါပါတယ်။ အမျိုးသမီးတွေရော ပါပါတယ်။ မလုပ်ပါနဲ့။ ပြောတာကို မရတာ။ သူတို့ (စစ်ကောင်စီ) မနိုင်တိုင်း ပြည်သူတွေကို လူသားဒိုင်း လုပ်စရာမလိုဘူး။ တကယ် ရက်စက်ယုတ်မာတဲ့ လုပ်ရက်ပေါ့။ တော်တော်ကို ကြောက်သွားတာပေါ့။ ကျည်ဆန်တွေကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် သေပြီလို့ တွက်လိုက်ပြီးတော့ ပြောရရင် ထပ်ပြီးတော့ ဘယ်ခရီးကိုမှ မသွားရဲတော့သလို ဖြစ်သွားတာ”

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ မတ် ၆ ရက်နေ့အထိ နှစ်လကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အမျိုးသမီး ၁၁၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။