၂၀၂၄ ခုနှစ်အတွင်း ပြင်းထန်လာတဲ့ပဋိပက္ခနဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝများ
2024.12.31

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ လေးနှစ်နီးပါးရှိလာခဲ့ပါပြီ။ တော်လှန်ရေးအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ဒီနှစ်အတွင်း အရှိန်အဟုန် မြင့်လာခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေလည်း ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ပြည်သူ သုံးသန်းခွဲအထိ ရှိလာခဲ့ပါတယ်။
အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ အမျိုးသမီးတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။ ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေ ပစ်မှတ်ထားခံရသလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မတရားဖမ်းဆီးခြင်းနဲ့ ညှဉ်းပန်းနှိပ်စက်ဒဏ်တွေကိုလည်း မကြာခဏ ကြုံကြရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက အခု ၂၀၂၄ နှစ်အတွင်းမှာ မြန်မာအမျိုးသမီးတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးကြုံရတယ်လို့ ပြောပါတယ်။
“၂၀၂၄ တွင်းမှာ အမျိုးသမီးတွေက ပိုပြီးတော့ အခွင့်အရေးချိုးဖောက်ခံရတယ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အသတ်ခံရမှု ပိုများတယ် ဥပမာ - ၈၂ နှစ်အရွယ်အဖွားကို မုဒိမ်းကျင့်သတ်လိုက်တာတို့၊ ခင်ပွန်းရှေ့ မုဒိမ်းကျင့်ပြီးမှ မီးရှို့သတ်တာတို့၊ ကိုယ်ဝန်ရှိတဲ့အမျိုးသမီးကို ဗိုက်ခွဲပြီး အထဲက ကလေးကိုထုတ်တာတို့ အဲလို ကြမ်းတမ်းရက်စက်တဲ့ ကျူးလွန်မှုတွေ စစ်တပ်က ကျူးလွန်ခဲ့တယ်”
စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် နိုဝင်ဘာလအထိ စစ်တပ်က သတ်ဖြတ်လို့ သေဆုံးရတဲ့ ပြည်သူ ရှစ်ထောင့်ငါးရာနီးပါး ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၁၇၈၁ ဦးရှိတယ်လို့ NUG က ထုတ်ပြန်ပါတယ်။ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပေါင်း ၂၅၈ မှုအထိ ရှိပြီး အဲဒီအထဲမှာ တစ်ဝက်ကျော်က စစ်ကောင်စီတပ်က ကျူးလွန်တာလို့ဆိုပါတယ်။ ကျန်တဲ့အမှုတွေမှာတော့ ပြည်သူအချင်းချင်းကျူးလွန်တာက ၈၉ မှုဖြစ်ပြီးတော့ PDF၊ ERO တော်လှန်ရေးအင်အားစုက ကျူးလွန်တာကတော့ ၃၃ မှု ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် အမျိုးသမီးတွေဟာ ကျားမရေးရာ အခြေခံတဲ့အကြမ်းဖက်မှုတွေရဲ့ အန္တရာယ်ပိုများလာနေတယ်လို့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ပါတယ်။ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မူဝါဒရေးရာဦးဆောင်မှုအဖွဲ့ဝင် ဒေါ်တင်တင်ညိုက ပဋိပက္ခတွေအတွင်း ဒီနှစ် အမျိုးသမီးတွေသေဆုံးရမှု ငါးရာကျော်မက ရှိခဲ့တယ်လို့ ဆိုပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြားမှာ အမျိုးသမီးတွေဟာ မလုံခြုံတဲ့ဘဝတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
“ဒီနှစ်အတွင်း ပဋိပက္ခတွေကြောင့် သေဆုံးရတဲ့ အမျိုးသမီးအရေအတွက် ၅၂၅ ဦးရှိတယ်၊ ထိခိုက်ဒဏ်ရာရသူ ၃၅၇ ရှိတယ် တစ်နိုင်ငံလုံးစစ်ပွဲအနေအထားအရ ဒီထက်ပိုများနိုင်တယ်၊ ဒီထဲမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရမှု နိုဝင်ဘာလကုန်အထိ ၅၆ မှု ရှိတယ်၊ ကျွန်မတို့နိုင်ငံက နိုင်ငံရေးအရ မတည်ငြိမ်တဲ့အနေအထား၊ စစ်ပွဲတွေက တောက်လျှောက်ဖြစ်တယ် လေယာဉ်ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေက အမျိုးသမီးတွေရဲ့ဘဝ လုံခြုံမှုအရမ်းကင်းမဲ့စေသလို စားဝတ်နေရေး အကျပ်အတည်းတွေ အလွန်ဖြစ်စေတယ်”
ပဋိပက္ခတွေ ပိုပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူ ဒီနှစ်အတွင်း တစ်သန်းနီးပါး ရှိခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးတွေက ထက်ဝက်ခန့်ဖြစ်ကြပါတယ်။ ဒီအမျိုးသမီးတွေဟာ စစ်ရှောင်စခန်းတွေမှာ ဒါမှဟုတ် ယာယီအမိုးအကာတွေထဲမှာ ဖြစ်သလိုနေထိုင်နေကြရပြီး လုံခြုံရေးအန္တရာယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေလည်း ကြုံကြရပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ မုံရွာမြို့က လူထုသပိတ်လှုပ်ရှားသူ မချောစုဟန်က စစ်ရှောင်အမျိုးသမီးအတော်များများ စိတ်မလုံခြုံမှုခံစားနေရတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်စခန်းတစ်ခုရောက်တော့ အမျိုးသမီးတစ်ယောက်က ရင်ဖွင့်တယ်၊ လူအများနဲ့နေရတဲ့အခါ အမျိုးသမီးတွေအတွက်က ရေချိုးရာမှာဖြစ်ဖြစ် အဝတ်အစားလဲတဲ့နေရာဖြစ်ဖြစ် တော်တော်များများ အခက်အခဲဖြစ်ကြတယ်၊ ကြမ်းတပြေးထဲမှာ တစ်မိသားစုနဲ့ တစ်မိသားစုကြားမှာ စောင်လေး မိုးကာလေးဘဲ အကာအရံရှိတာကိုး၊ သူတို့စိတ်ထဲ လုံခြုံမှုမရှိဘူး အရမ်းမွန်းကြပ်တယ်ဆိုတဲ့ ခံစားချက်ကို ပြောပြတယ်၊ အမျိုးသမီးငယ်တွေနဲ့ မိခင်တွေရဲ့စိတ်ထဲမှာ သူတို့အတွက် စိတ်လုံခြုံမှုမရှိဘူးဆိုတဲ့ ခံစားချက် တော်တော်များများ တွေ့နေ မြင်နေရတယ်”
ဆက်နွှယ်သောသတင်းများ
ရွှေဘိုမြို့မှာ ၁၁ နှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်သတ်ဖြတ်ခံရ
အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမတွေ လုံခြုံမှုကင်းမဲ့နေ
စစ်အတွင်း မုဒိမ်းမှုကျူးလွန်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေ
ပဋိပက္ခတွေကြောင့် နိုင်ငံမှာ လုံခြုံရေးကင်းမဲ့ခဲ့သလို စီးပွားရေး အခက်အခဲတွေကိုလည်း ပြည်သူတွေ ပိုပြီးကြုံခဲ့ရတာပါ။ နိုင်ငံရေးအကျပ်အတည်းကြောင့် ငွေကြေးဖောင်းပွမှု၊ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ အလုပ်လက်မဲ့ဖြစ်မှုတွေနဲ့အတူ စီးပွားရေး ပြိုလဲတဲ့ဒဏ်ကို ဒီနှစ်မှာ ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရပါတယ်။ ဒီကြားထဲ စစ်မှုထမ်းဥပဒေကြောင့် သူတို့ရဲ့သားသမီးတွေကို ဘယ်အချိန်လာခေါ်သွားမလဲဆိုတဲ့ စိတ်သောကတွေကိုပါ မိခင်တွေ ခံစားနေကြရတာပါ။
“ကုန်စျေးနှုန်းက အဆမတန်မြင့်တက်လာတဲ့အခါ ယောက်ျားတွေရှာဖွေပေးတာနဲ့ မလုံလောက်တော့ မိန်းမတွေပါ အလုပ်ထွက်လုပ်နေကြတာတွေ၊ ရတာနဲ့ ကုန်စျေးနှုန်းနဲ့ မလုံလောက်၊ ကျွန်တော်တို့ ဒုက္ခရောက်နေကြရတာက စစ်မှုထမ်းဥပဒေပေါ့၊ နေ့မအိပ်နိုင် ညမအိပ်နိုင် စစ်တပ်သံကြားရင်ဆို ငုတ်တုတ်လေးတွေ ထထိုင်၊ ရွာတွေဘက်မှာဆိုရင် အမျိုးသမီးတွေရဲ့ဘဝ မလုံခြုံတာ အမှန်ပါဘဲ၊ စစ်ကြောင်းထိုးရင် ပြေးကြ တောထဲမှာခဏပုန်း၊ စစ်ကြောင်းဆုတ်ရင် ပြန်လာ၊ အဲလိုမျိုး အသက်ရော အရှက်ရော မလုံခြုံမှုတွေ ခံစားကြရတာ”
ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး အခြေအနေကလည်း ဒီနှစ်ပိုဆိုးလာခဲ့ပါတယ်။ ပဋိပက္ခပြင်းထန်လာတဲ့အတွက် စာသင်ကျောင်းအများအပြားလည်း ပျက်စီးခဲ့ရပြီး မိန်းကလေးတွေ ပညာသင်ကြားဖို့ ပိုမိုခက်ခဲစေခဲ့ပါတယ်။ အထူးသဖြင့် ပဋိပက္ခဒေသတွေက မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်နည်းပါးပြီး စောစီးစွာအိမ်ထောင်ပြုခြင်း၊ ကလေးလုပ်သားနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း အန္တရာယ်တွေကို ရင်ဆိုင်ကြရတယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေလည်း အကြမ်းဖက်မှု ခွဲခြားဆက်ဆံမှုတွေနဲ့ အတော်လေး ခက်ခဲကြမ်းတမ်းခဲ့တယ်လို့ ပြောကြပါတယ်။ တိုက်ပွဲတွေရဲ့ အန္တရာယ်တွေကြားမှာ မလုံခြုံမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခန္တာကိုယ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်ကြရပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးတွေဟာ တော်လှန်ရေးအစကာလတွေထက် ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်လာကြတယ်လို့ 96 soldier အဖွဲ့က မဖူးက ပြောပါတယ်။
“၂၀၂၁ စစချင်းကာလနဲ့ယှဉ်ရင် အခု ၂၀၂၄ ခုနှစ်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော အများကြီး ကြံ့ခိုင်လာတာ တွေ့ရတယ်၊ အရင်ကထက် အမျိုးသမီးတွေက အများကြီး ရင်ဘောင်တန်း အလုပ်လုပ်နိုင်တယ်၊ ဒါပေမဲ့ ဘယ်လိုပဲ ယောက်ကျား မိန်းမ တန်းတူသွားတယ်ပဲပြောပြော တချို့နေရာတွေမှာတော့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတာတွေတော့ အနည်းနဲ့အများတော့ ရှိနေသေးတောပေါ့နော်၊ အမျိုးသမီးတွေဟာ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး ဆက်လက်ပြီး ပါဝင်နေတယ်ဆိုတာ ပြောချင်ပါတယ်”
ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး (WPS) အချက်အလက်တွေအရ နိုင်ငံ ၁၇၇ နိုင်ငံမှာ မြန်မာနိုင်ငံက ၁၆၅ အဆင့်မှာရှိပြီး အမျိုးသမီးတွေရဲ့ တရားမျှတမှုနဲ့ လုံခြုံရေး အခြေအနေဟာ အနိမ့်ဆုံးစာရင်းမှာ ရှိနေပါတယ်။
အမျိုးသမီးနဲ့ မိန်းကလေးအားလုံး အကြမ်းဖက်မှုကင်းစင်ပြီး ဂုဏ်သိက္ခာပြည့်ဝတဲ့ ဘဝမှာ နေထိုင်ခွင့်ရှိတယ်၊ ဒါဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်၊ မြန်မာနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ဖို့နဲ့ ကျူးလွန်သူတွေအပေါ် ပြင်းထန်တဲ့ အရေးယူဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။