လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်လအတွင်း အမျိုးသမီးတစ်ရာကျော် သေဆုံး

RFA Burmese
2025.03.07
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်လအတွင်း အမျိုးသမီးတစ်ရာကျော် သေဆုံး စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး ဓာတ်ပုံ

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ မတ် ၆ ရက်နေ့အထိ နှစ်လကျော်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၁၁၃ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ် ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူက ၉၂ ဦးနဲ့ အများဆုံးဖြစ်ပြီး လက်နက်ကြီးကြောင့် သေဆုံးသူက ၂၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

မတ် ၅ ရက်နေ့က ဂန့်ဂေါမြို့နယ်၊ ကန်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၄၀ အရွယ် ဒေါ်ထားမြင့် အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲက ရွာနှစ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးနှစ်ဦး အပါအဝင် အရပ်သား ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တဲ့အခါ စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်တွေကို ခွဲခြားတာမရှိဘူးလို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“တော်လှန်းရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲတွေ ထိန်းချုပ်တဲ့နေရာမှာ နေတဲ့သူမှန်သမျှ သူတို့က ရန်သူလို့ သတ်မှတ်ပြီးတော့ကို ချနေတော့တာ စစ်ဘက်၊ အရပ်ဘက် ပစ်မှတ်မခွဲခြားတော့ဘူး”

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA ရဲ့စာရင်းအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁,၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃,၇၂၀ ဦး ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။