ချောင်းဦးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ခုနစ်ဦး သေဆုံး

RFA Burmese
2025.02.26
ချောင်းဦးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ခုနစ်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းတစ်ခုအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်။
Facebook/ We are People

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမရွာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အဲဒီရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။ သေဆုံးသူ ခုနစ်ဦးအပြင် ထိခိုက်သူတွေလည်းရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အရပ်သားခုနစ်ယောက် သေသွားတာ။ တစ်အိမ်တည်းက ငါးယောက် သေသွားတယ်။ သက်ကြီးရွယ်အို တစ်ယောက်ရယ်၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ ယောကျ်ားလေးတစ်ယောက် ပါတယ်။ ကျန်တာကတော့ လူလတ်ပိုင်းတွေ။ နှစ်ထပ်အိမ်ကလည်း ပြိုကျသွားတယ်။ ထိခိုက်တဲ့သူတွေလည်း တော်တော်လေးများတယ်။ တိုက်ကပြိုတော့ အလောင်းက မဖော်ရသေးဘူး"

လေကြောင်းတိုက်ခိုက်တာအပြင် ချောင်းဦးမြို့ပေါ်ကနေ စစ်ကောင်စီတပ် အင်အား ခြောက်ဆယ်ခန့်နဲ့ ချောင်းမရွာကို စစ်ကြောင်းထိုးချိန် မြပုလဲစစ်ကောင်စီတပ်စခန်းဂိတ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

ချောင်းမရွာဟာ အိမ်ခြေ နှစ်ရာကျော်ရှိပြီး ချောင်းဦးမြို့နဲ့ လေးမိုင်ကျော်အကွာမှာ ရှိပါတယ်။ သေဆုံး၊ ထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်ကို RFA က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်မှာ ချောင်းမရွာရဲ့ မြောက်ဘက် ငါးမိုင်ခန့်အကွာ မုံရွာမြို့နယ်ထဲက ဗောဓိတထောင်ဘုရားအနီးမှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA စာရင်းတွေအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၀၀ ကျော် (၁၇၆၉ ဦး) သေဆုံးပြီး ၃၇၀၀ ကျော် (၃၇၂၀ ဦး) ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။