CDM ဝန်ထမ်းတွေမခန့်ဖို့ ပုဂ္ဂလိကဆေးရုံတွေကို စစ်ကောင်စီ ဖိအားပေး
2025.02.21

စစ်ကောင်စီက ပုဂ္ဂလိကဆေးရုံတွေကို ယာယီပိတ်သိမ်းခိုင်းပြီးတဲ့နောက် CDM ဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။
အခုဖေဖော်ဝါရီလထဲမှာ မန္တလေးမြို့က ပန်းလှိုင်၊ မင်္ဂလာမျိုးဆက်၊ မြတ်ချယ်ရီ၊ ဇီဝက၊ လန်ဒန်၊ ငြိမ်းချမ်းနဲ့ မြတ်ဝေလျှံ စတဲ့ ဆေးရုံတွေကို စစ်ကောင်စီက ယာယီပိတ်သိမ်းခိုင်းခဲ့သလို ရန်ကုန်တိုင်းက ချမ်းမြေ့၊ မြတ်တော်ဝင်၊ ချမ်းသာသုခ ဆေးရုံတို့ကိုတော့ အပြီးပိတ်သိမ်းလိုက်ပါတယ်။
"လူနာတွေဘယ်လောက် ခက်ခဲလဲဆိုရင် အများကြီးပဲပေါ့။ မွေးလူနာတွေ၊ ကင်ဆာသမားတွေ၊ ကျောက်ကပ်သမားတွေ၊ နှလုံး၊ ဆီးချိုသမားတွေ အရမ်းခက်ခဲတယ်"
အဲဒီဆေးရုံတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုပ်ငန်းလည်ပတ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်စစ်ဆေးပြီး ယာယီပိတ်လိုက်တာလို့ ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီအနေနဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေ အလုပ်လုပ်ခွင့်မရအောင် ပုံစံမျိုးစုံနဲ့ လုပ်နေတာလို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
"အဓိက ကတော့ တစ်ယောက်ချင်းစီကို အရေးယူဖို့၊ ရှာဖွေဖို့ ဖမ်းဆီးဖို့ဆိုတာကလည်း သူတို့ရဲ့ လောလောဆယ်မှာ ကြုံတွေ့နေရတဲ့ စစ်ရေးပြဿနာတွေနဲ့ဆိုတော့ လိုက်မလုပ်နိုင်တဲ့ အရာကတော့ ဆေးရုံ၊ ဆေးခန်းတွေအပေါ်မှာပဲ ကြပ်မတ်လို့ရတာပေါ့။ ဆေးရုံဆေးခန်းတွေကျတော့ အကောင်အထည်ရှိတယ်။ ဒီနေရာမှာ အဆောက်အအုံနဲ့ လုပ်ငန်းလိုင်စင်နဲ့ ဘာနဲ့ညာနဲ့ရှိနေတာဆိုတော့ ဒီနေရာကို လိုက်ကြပ်လိုက်ခြင်းအားဖြင့် CDM ဆရာဝန်တွေကို တစ်နည်းတစ်ဖုံနဲ့ ဒုက္ခရောက်ပါစေတော့ဆိုတဲ့ ပုံစံမျိုးရှိတာပေါ့"
စစ်ကောင်စီက CDM ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ကန့်သတ်ပိတ်ပင်လာတာကြောင့် ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတချို့က CDM ဝန်ထမ်းတွေကို အလုပ်ကနေ ရပ်နားတာတွေရှိလာတယ်လို့ အမည်မဖော်လိုတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။
"ကျွန်တော့်ကိုတော့ ၁၄ ရက်နေ့က လတ်တလော အလုပ်ကိုမလာဖို့ မေတ္တာရပ်ခံပြီး လစာကြိုထုတ်ပေးလိုက်တယ်။ သူတို့လာစစ်ချိန်မှာ တွေ့သွားရင် ဆေးရုံပါပိတ်ရမဲ့ အခြေအနေဆိုတော့ CDM တွေကို အလုပ်က ခဏ ခွင့်ပေးတဲ့သဘောနဲ့ နားခိုင်းထားတာပေါ့။ အလုပ်ပြန်ဆင်းရမယ်ဆိုရင် ဖုန်းဆက်မယ်လို့ ဆေးရုံဘက်က ပြောထားပါတယ်"
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ခြောက်ဆယ်ရာခိုင်နှုန်းဟာ စစ်ကောင်စီကိုဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်ကစလို့ CDM ကျန်းမာရေးဝန်ထမ်းတွေကို ဆေးခန်းဖွင့်တာ၊ ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်လုပ်နေတာမျိုး ရှိ မရှိဆိုတာတွေကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ ရှိလာပါတယ်။ သူတို့လုပ်ငန်းခွင်ပြန်လာဖို့ စစ်ကောင်စီဘက်က နည်းပေါင်းစုံနဲ့ ခေါ်ခဲ့ပေမဲ့ လုပ်ငန်းခွင်ပြန်ဝင်တဲ့သူ အနည်းအကျဉ်းပဲ ရှိခဲ့တယ်လို့ ပြောကြပါတယ်။
ပိတ်သိမ်းခံရတဲ့ ဆေးရုံတွေကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ဆေးရုံတာဝန်ရှိသူတွေဘက်က တစ်စုံတစ်ရာ ညွှန်ကြားမှုမရှိသေးသလို ပြောဆိုခွင့်လည်းမရှိဘူးလို့ ပြောကြပါတယ်။
လာမဲ့ကာလတွေမှာ စစ်ကောင်စီက ပုဂ္ဂလိကဆေးရုံတွေကို အကြောင်းအမျိုးမျိုးနဲ့ ဖိအားပေးပိတ်ခိုင်းတာတွေ ပိုများလာနိုင်တယ်လို့ မန္တလေးမြို့က CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
"ဒီထက်ပိုပြီးပြင်းထန်တဲ့ ပေါက်ပန်းလေးဆယ်လုပ်တဲ့ ဦးနှောက်မရှိတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ထပ်လုပ်ဦးမှာပဲ။ လူမဆန်တဲ့ကောင်တွေဆိုတာ သိရတဲ့အတွက် ကျွန်တော်တို့အတွက်က မထူးဆန်းဘူး"
စစ်ကောင်စီဟာ ဆရာဝန်လိုင်စင်သက်တမ်းမတိုးပေးတာ၊ CDM ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးတာနဲ့ အလုပ်လုပ်နေတဲ့ ဆေးရုံဆေးခန်းတွေကို ပိတ်ပစ်တာတွေဟာ အကြောက်တရားပေးနေတာလို့ ပြောကြပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ဆေးရုံတွေ ပိတ်သိမ်းလိုက်တဲ့အပေါ် သူ့အနေနဲ့ ပြောစရာမရှိဘူးလို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
မန္တလေးက ပုဂ္ဂလိကဆေးရုံ ခုနစ်ရုံကို စစ်ကောင်စီ ပိတ်ခိုင်းထားကြောင်း မြို့ခံတွေပြော
ရန်ကုန်မြို့က အောင်ရတနာ ပုဂ္ဂလိကဆေးရုံ ယာယီ ပိတ်
CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ နမ္မတူဆေးရုံကို ပြန်ဖွင့်
ဆေးရုံပိတ်လိုက်တာကြောင့် လက်ရှိလူနာတွေ အခက်အခဲဖြစ်သွားတယ်လို့ စစ်ကောင်စီပိတ်သိမ်းလိုက်တဲ့ မန္တလေးမြို့က လန်ဒန်ဆေးရုံမှာ ကင်ဆာရောဂါကုသနေရတဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
"အခု မသက်သာလို့ ပြန်တက်ရမယ်ဆိုရင် တက်လို့မရတော့ဘူး။ လူနာတွေအကုန် ဆေးရုံကြီး (မန္တလေး ပြည်သူ့ဆေးရုံ) ကို ခါနေတာလေ။ CDM လုပ်ထားတဲ့ ဆရာဝန်တို့၊ သူနာပြုတို့ မိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့။ လူနာတွေဘယ်လောက် ခက်ခဲလဲဆိုရင် အများကြီးပဲပေါ့။ မွေးလူနာတွေ၊ ကင်ဆာသမားတွေ၊ ကျောက်ကပ်သမားတွေ၊ နှလုံးဆီးချိုသမားတွေ အရမ်းခက်ခဲတယ်"
ဆေးရုံတွေကိုပိတ်တာဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကုသစောင့်ရှောက်မှုအတွက် အဆိုးရွားဆုံး အခြေအနေရောက်အောင် ဖန်တီးနေတာလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောကြပါတယ်။