CDM ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီ ဆက်လက်ဖိနှိပ်နေ
2025.03.18

စစ်ကောင်စီက CDM ဆရာဝန်တွေကို ဆေးကုသခွင့် (ဆ-မ လိုင်စင်) မထုတ်ပေးတာ၊ ဖမ်းဆီးအရေးယူတာ၊ ပြည်ပထွက်ခွင့်မပေးတာတွေဆက်ပြီး လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းက RFA ကို ပြောပါတယ်။
မန္တလေး ဆေးတက္ကသိုလ်ကဘွဲ့ရထားတဲ့ ဒေါက်တာကေဇင်ထွန်းဟာ NUG အသိအမှတ်ပြု ဆေးလက်မှတ်နဲ့ အရှေ့အလယ်ပိုင်း ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို ပညာတော်သင်သွားဖို့ ဆောင်ရွက်ရာကနေ စစ်ကောင်စီတပ်က အမည်ပျက်စာရင်းသွင်းခံခဲ့ရပါတယ်။
ဒေါက်တာကေဇင်ထွန်းကို အရေးယူ ဖမ်းဆီးဖို့ လုပ်ဆောင်နေတဲ့အကြောင်းနဲ့ NUG အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရာမှာ ပါဝင်ပတ်သက်သူ ခုနစ်ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာမှာ မတ်လ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ မဟာချူလာလောင်ကွန်း တက္ကသိုလ်ကို လျှောက်ထားတဲ့ မန္တလေးဆေးတက္ကသိုလ်က မြန်မာကျောင်းသူနှစ်ဦးရဲ့ ယာယီဆေးပညာဘွဲ့လက်မှတ်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။
"CDM တွေကို မျိုးစုံ ဖိနှိပ်တာ။ ဘာလိုင်စင်မှ လုပ်လို့မရဘူး။ အကယ်၍ ဆရာဝန်မလုပ်ဘဲနဲ့ တခြားအလုပ် ပြောင်းလုပ်တယ်ဆိုရင်တောင် လိုင်စင်မရအောင်ကိုလုပ်တဲ့ ပြဿနာအထိရှိတယ်”
ဒါ့အပြင် အာဏာစသိမ်းခါစ ၂၀၂၀ ပြည့်နှစ်က ဆေးတက္ကသိုလ်အသီးသီးက အလုပ်သင်ဆရာဝန် တစ်ထောင်ကျော် (၁၀၂၂) အထဲက နှစ်ရာလောက်ကိုပဲ အသိအမှတ်ပြုဘွဲ့လက်မှတ် ထုတ်ပေးမှာဖြစ်ပြီး ကျန်တဲ့ အလုပ်သင်ဆရာဝန် ရှစ်ရှာလောက်ကို အမည်ပျက်စာရင်း တင်သွင်းထားတယ်လို့ စစ်ကောင်စီက မတ်လဆန်း ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပေးတဲ့ ဘွဲ့လက်မှတ်ရထားတဲ့သူတွေက ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာ အလုပ် လုပ်ရမယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီပေးမဲ့ဘွဲ့လက်မှတ်ကို မမက်ဘူးလို့ မန္တလေး ဆေးတက္ကသိုလ်က CDM ဝင်ထားတဲ့ အလုပ်သင်ဆရာဝန်တစ်ဦးက ပြောပါတယ်။
"စကစကတော့ ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်တာပေါ့။ ဒါပေမဲ့ ဘွဲ့လက်မှတ်လေးတစ်ခုရဖို့ သူ့လက်အောက်ကို ပြန်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ကျောင်းတက်ခဲ့ရတဲ့အချိန်တွေကို နှမြောတာပေါ့။ ဘွဲ့ရဖို့၊ လုပ်ငန်းခွင်ဝင်နိုင်ဖို့ စာတွေကျက်ခဲ့ရတာ။ ဒါပေမဲ့လည်း အာဏာသိမ်း စစ်ကောင်စီကပေးတဲ့ ဘွဲ့ကို မမက်ဘူး"
ဆေးတက္ကသိုလ်ဘွဲ့ရပြီးရင် နိုင်ငံ့တာဝန်ကို သုံးနှစ်ထမ်းဆောင်ရမှာ ဖြစ်သလို ပျက်ကွက်ရင် ကျပ် ဆယ်သိန်းပေးလျော်ရမယ်လို့ သတ်မှတ်ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
CDM ဝန်ထမ်းတွေမခန့်ဖို့ ပုဂ္ဂလိကဆေးရုံတွေကို စစ်ကောင်စီ ဖိအားပေး
စစ်ဘေးသင့်ဒေသက ပြည်သူတွေအတွက် ရွေ့လျားဆေးကုသအဖွဲ့
ဆရာဝန်တစ်ယောက်ရဲ့ တော်လှန်ရေးခရီးကြမ်း
စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေ ရပ်တည်လို့မရအောင် နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာလို့ နောက်ထပ် CDM ဆရာဝန်တစ်ဦးက ထောက်ပြပါတယ်။
“နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ပဲဖြစ်ဖြစ် NUG က ဘွဲ့လက်မှတ်ကို ထောက်ပံ့ပေးရတယ်။ သူတို့က အဲဒါကို သူတို့ ပေးထားတဲ့ ဘွဲ့မဟုတ်ဘူး။ တရားမဝင်ဘူးဆိုပြီး ဖမ်းတာက သက်သက် ယုတ်ညံ့တဲ့ သဘောမျိုးပဲ။ ဆ-မ ကို လုံးဝ ထုတ်မပေးဘူး။ ကျွန်တော်ဆိုလည်း ဆမကို ၂၀၂၂ ခုနှစ်ကတည်းက ကုန်သွားပြီးသား ဆမသိမ်းတယ်။ ပြီးတော့ ဘာလုပ်လဲဆိုရင် မျိုးစုံပေါ့်နော်။ အလုပ်တွေမှာ အလုပ်လုပ်လို့မရအောင် ဖိနှိပ်တယ်။ CDM တွေကို မျိုးစုံ ဖိနှိပ်တာ ခင်ဗျ။ ဘာလိုင်စင်မှ လုပ်လို့မရဘူး။ အကယ်၍ ဆရာဝန် မလုပ်ဘဲနဲ့ တခြား အလုပ် ပြောင်းလုပ်တယ် ဆိုရင်တောင် လိုင်စင်မရအောင်ကိုလုပ်တဲ့ ပြဿနာအထိရှိတယ်”
အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်အတွင်းမှာ CDM ကျန်းမာရေးဝန်ထမ်း တစ်ရာကျော်ကို ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းထားသလို ပုဂ္ဂလိက ဆေးရုံ ဆေးခန်းတွေမှာ လုပ်ကိုင်ခွင့်မရအောင် အခုနှစ်အတွင်းမှာ ပိုပြီးလုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က သူလုပ်နိုင်သမျှ နည်းလမ်းတွေ သုံးပြီး လုပ်ငန်းခွင် ပြန်ဝင်အောင် ဖိအားပေးနေတာလို့ နောက်ထပ် အမည်မဖော်လိုတဲ့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။
“အဲဒါက သူတို့ General (ယေဘုယျ) လုပ်နိုင်တဲ့ အရာပေါ့နော်။ ဆိုလိုတဲ့သဘောက စမ သက်တမ်း မတိုးပေးတော့ဘူး Passport (ပတ်စ်ပို့) ပိတ်ထားလိုက်တယ် ဆိုတာက သူတို့ဘက်က အားလုံးကို ခြုံပြီး လုပ်လို့ရတဲ့အရာ ဖြစ်တဲ့အတွက် လုပ်တဲ့ သဘောမျိုးပါပဲ။ ဒါပေမဲ့ ဆေးခန်းတစ်ခုချင်းစီကို လိုက်ရှာကြည့်စစ်။ အဲလိုမျိုး ပိုက်စိပ်တိုက် လုပ်တာမျိုးကတော့ ရှိကောင်း ရှိမယ်။ ဥပမာ မန္တလေးက ဆေးခန်းတွေ ပိတ်လိုက်ရတာမျိုး အဲဒါမျိုးတွေတော့ ရှိနိုင်တယ်”
ဒီလုပ်ရပ်က စစ်ကောင်စီဟာ လွတ်လပ်စွာ ပညာသင်ကြားခွင့်အပေါ် နည်းလမ်းပေါင်းစုံနဲ့ ပိတ်ပင်နေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
“လူတစ်ယောက်က လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့်ဆိုတာ အခြေခံရပိုင်ခွင့် အခွင့်အရေး ဖြစ်တယ်ပေါ့နော်။ အဲဒီဟာကိုပါလိုက်ပြီး ပိတ်ပင်နေတာ တော်တော်လေး ယုတ်ညံ့တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျွန်တော်ကတော့ ပြောချင်တယ်။ အဲဒီထဲကနေမှ တစ်ခုအနေနဲ့ အခုလို အသိမှတ်ပြု လက်မှတ်တွေ ထုတ်ပေးတာမျိုး၊ recommendation (ထောက်ခံချက်) ပေးတာမျိုး။ အဲဒီဟာကို ကျောင်းကောင်စီတွေကနေ လုပ်တာပေါ့။ NUG အနေနဲ့ မဟုတ်ဘူး လွတ်လပ်တဲ့ ကျောင်းကောင်စီ တက္ကသိုလ်ကောင်စီတွေကနေပြီးတော့ ပေးနေတာ ဖြစ်တယ်"
ကျန်းမာရေးဝန်ထမ်းတွေအတွက် NUG ထုတ်ပေးတဲ့လက်မှတ်တွေကို ထိုင်း၊ အမေရိကား၊ ဗြိတိန်နဲ့ ဩစတြေးလျ စတဲ့ နိုင်ငံတွေက အသိအမှတ်ပြုလက်ခံထားတယ်လို့ သူက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနအောက်မှာ ပြန်လည်ဖွင့်လှစ်ထားတဲ့ မန္တလေးဆေးတက္ကသိုလ်မှာ ဆေးပညာဘွဲ့ (MBBS)၊ ဆေးပညာဆိုင်ရာ ဒီပလိုမာ၊ ဆေးပညာမဟာ သိပ္ပံဘွဲ့ (MMedSc)၊ ဆေးလက်တွေ့အခြေခံ ပါရဂူဘွဲ့ (PhD) နဲ့ ဆေးလက်တွေ့ပါရဂူဘွဲ့ (Dr MedSc) တွေကို သင်ကြားပေးနေပါတယ်။
NUG ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်း လေးနှစ်ကျော်အတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦး သေဆုံးပြီး ၁၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှာ ဝန်ထမ်းပေါင်း တစ်သိန်းကျော်ရှိပြီး အဲဒီအထဲက ငါးသောင်းနီးပါး ( ၄၇,၂၅၄) CDM ပြုလုပ်ထားတယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ထုတ်ဖော်ပြောဆိုထားပါတယ်။