စစ်ဘေးသင့်ဒေသက ပြည်သူတွေအတွက် ရွေ့လျားဆေးကုသအဖွဲ့
2025.03.17

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလ ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးဒဏ်သင့်ဒေသက ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အခြေခံ ကျန်းမာရေးဝန်ဆောင်မှုတွေရဖို့ ပိုပြီးခက်ခဲလာခဲ့ပါတယ်။ ဒီ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို တစ်နိုင်တစ်ပိုင် ကူညီဖို့အတွက် စစ်ကိုင်းတိုင်းတစ်နေရာမှာ ရွေ့လျားဆေးကုသအဖွဲ့ (Mobile Clinic) တစ်ခု ရှိနေပါတယ်။
ဒီအဖွဲ့ကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသများ ရန်ကုန်)၊ ကျောင်းသားလက်ရုံးတပ်တော်နဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေ ဦးဆောင်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တည်ထောင်ခဲ့တာပါ။ စစ်ဘေးဒုက္ခသည်တွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးနဲ့ ဆေးခန်းနဲ့ ဝေးလံတဲ့နေရာတွေက ဒေသခံတွေအတွက် ရည်ရွယ်ပြီးလုပ်တာလို့ အဖွဲ့ဝင် ကိုခန့်က ပြောပါတယ်။
CDM သူနာပြုဆရာမတစ်ဦး၊ ရန်ကုန်ဆေးတက္ကသိုလ် (၁) ပထမနှစ် CDM ကျောင်းသားနှစ်ဦးနဲ့ ကျောင်းသားလက်ရုံးတပ်တော်က ဆေးမှူး နှစ်ဦး၊ စုစုပေါင်း ငါးဦးနဲ့ စစ်ကိုင်းတစ်ခွင် လှည့်လည်ဆေးကုသပေးနေကြတာပါ။
"ကျွန်တော်တို့လည်း ဒီဘက်မှာ နည်းလမ်းအမျိုးမျိုးရှာပြီး ဆေးဘတ်ဂျက်ရဖို့ လုပ်နေရတယ်"
လက်ရှိမှာ ဘုတလင်၊ မုံရွာနဲ့ ယင်းမာပင်ဘက်တွေကို သွားရောက်ကူညီနေပါတယ်။ အဖွဲ့ရပ်တည်ရေးအတွက်ကတော့ ပြည်သူတွေကို အဓိက အားထားနေရတယ်လို့ ကိုခန့်က ပြောပါတယ်။
"ဝင်ငွေစီးဆင်းမှုပေါ့နော်၊ ပြည်သူတွေဆီကနေ ပြည်သူတွေဆီကိုပြန်ပြီးတော့ စီးဆင်းတဲ့ငွေ အပိုင်းပေါ့နော်။ အဲဒါက အခုချိန်ဆို အရင်ကလောက်တော့ မဟုတ်တော့ဘူး။ ပြည်သူတွေက အခုကာလမှာ ခက်ခဲနေတဲ့ အခြေအနေတစ်ခုပေါ့။ သူတို့လည်း တတ်နိုင်တဲ့ဘက်က ပါဝင်ပေးနေတာဆိုတော့ ကျွန်တော်တို့လည်း ဒီဘက်မှာ နည်းလမ်းအမျိုးမျိုးရှာပြီး ဆေးဘတ်ဂျက်ရဖို့ လုပ်နေရတယ်"
သွားမယ့်ရွာတွေကိုတော့ အဖွဲ့ဝင်တွေကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ကြတာပါ။ ရွာရဲ့ လူဦးရေပေါ်မူတည်ပြီး အနည်းဆုံး သုံးဦးတော့ သွားကြတယ်လို့ ဆိုပါတယ်။ စစ်ရေးတင်းမာတဲ့နယ်မြေတွေ ဖြစ်တာကြောင့် အရင်စုံစမ်းမေးမြန်းရပြီး စစ်ကြောင်းထိုးထားတဲ့ဒေသတွေကို သွားလာမယ်ဆိုရင်တော့ ကျောင်းသားလက်ရုံးတပ်တော်က လုံခြုံရေးယူပေးတာတွေရှိတယ်လို့ ကိုခန့်က ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ကချင်ပြည်နယ် ကျေးလက်ဒေသတွေမှာ လူထုကျန်းမာရေး ပိုခက်ခဲလာ
စစ်မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ CDM ဆေးတက္ကသိုလ်ကျောင်းသား
ဆေးရုံဆေးခန်းတွေကို စစ်ကောင်စီတိုက်ခိုက်မှု အရေးယူပေးဖို့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့ တောင်းဆို
ဆရာဝန်မရှိဘဲ ကုသနေရတာမို့ သာမန် ကျန်းမာရေးပြဿနာတွေကိုပဲ ဖြေရှင်းနိုင်ပြီး ရောဂါအကြီးအမားဆိုရင်တော့ ဆေးရုံတွေကို လွှဲပြောင်းပေးရတယ်လို့ ဆေးအဖွဲ့ တာဝန်ခံ မအိက ပြောပါတယ်။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို မြို့ပေါ်ဆေးရုံ လွှဲပြောင်းပေးပြီး၊ ပေါ်တာဆွဲခံရနိုင်ခြေရှိတဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေကိုတော့ တော်လှန်ရေးနယ်မြေထဲက ဆေးရုံတွေကို လွှဲပြောင်းပေးတယ်လို့ ဆိုပါတယ်။
"မုံရွာဆိုရင် ပြည်သူ့ကျန်းမာရေးအဆင့် ဆေးရုံ၊ တိုင်းအဆင့်ဆေးရုံတွေ ရှိတယ်။ တိုင်းအဆင့်ဆေးရုံဆို သူတို့ပုံမှန်သွားရင် တစ်နာရီလောက်ပဲ သွားရတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်း အခြေအနေတွေ၊နယ်မြေအခြေအနေတွေကြောင့် မသွားရဘဲနဲ့ တစ်ခါတလေကျ တစ်ကွေ့တစ်ပတ်ကြီး ပတ်ပြီး တစ်ရက် နှစ်ရက် အချိန်ယူခဲ့ရတဲ့အခါမျိုးတွေလည်း ရှိတယ်"
သူတို့ ကုသပေးတဲ့ဒေသတွေမှာ ရေမသန့်ရှင်းမှုကြောင့်ဖြစ်တဲ့ ဝမ်းရောဂါ၊ အရေပြားရောဂါတွေ အဖြစ်များကြသလို သွေးတိုး၊ ဆီးချိုနဲ့ အစာအိမ်ရောင်တာမျိုးတွေကိုလည်း ကုသပေးရတယ်လို့ မအိက ပြောပါတယ်။
သူတို့အဖွဲ့လေး မရောက်ခင်အချိန်ကတော့ ဒေသခံတွေဟာ နီးစပ်ရာမြို့ပေါ်ကို သွားကုရပြီး သာမာန် ဖျားနာကိုက်ခဲတာတွေကိုတော့ နီးစပ်ရာစျေးဆိုင်က ဝယ်ယူကာ ကျန်းမာရေးကိစ္စတွေကို ဖြေရှင်းကြရတာပါ။
ဒီလို ဆရာဝန် အရောက်အပေါက်နည်းတာတွေကြောင့် ဒေသခံတွေဟာ ဆေးအဖွဲ့ကို မကြာခဏ လာစေချင်ကြတယ်လို့ ကိုခန့်က ပြောပါတယ်။
"နောက်လတစ်လနေရင် တစ်ခါလောက် ပြန်လာခဲ့ပါလားဆိုတာမျိုးပေါ့။ လာစေချင်တာပေါ့၊ အများကြီး မဖြစ်ရင်တောင်မှ နေမကောင်းဖြစ်ရင် သူတို့ တစ်လတစ်ခါလေး ပြခွင့်ရတာ၊ သူတို့မှာ ကျေနပ်နေကြတာ။ ကျွန်တော်တို့အနေနဲ့ကျတော့ တစ်လကို သွားကုပေးတဲ့ရွာ များတယ်ဆိုတော့လေ၊ တစ်လကို အနည်းဆုံး တစ်ခေါက်တော့ သွားကုပေးဖြစ်တယ်။ အဲဒီလိုဆိုတော့ နောက်ထပ်လုပ်မဲ့အလုပ်တွေလည်း ပိုပြီး အားတက်လာတယ်"
ဆေးဝါး ပြန်လည်ဖြည့်တင်းရတာတွေလည်းရှိတာမို့ တစ်လကို အနည်းဆုံး ဆယ်ရွာလောက်သွားနိုင်တယ်လို့ သူက ပြောပါတယ်။ ဆေးဝါးကိုတော့ ပြည်တွင်းကနေ ပြန်မှာယူရတယ်လို့ ဆိုပါတယ်။
အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်စန်းလှကတော့ ရွာရဲ့ ကျန်းမာရေးကိစ္စတွေ အားကိုးနေရတာမို့ ဒီရွေ့လျားဆေးကုသအဖွဲ့လေးကို ကျေးဇူးတင်နေပါတယ်။
"အများကြီး အကျိုးပြုပါတယ်။ ရပ်ရွာအတွက် ဒုက္ခရောက်နေတဲ့အချိန် အခုလိုမျိုး လာပြီးကုပေးတာလေ။ အကုန်လုံးအတွက်လည်း ကျန်းမာရေးအတွက်ရော အဘက်ဘက်က ကောင်းပါတယ်။ အများအတွက် အခက်အခဲကြားကနေ လိုက်လံကုသပေးနေတဲ့ ဒုက္ခတွေကြားက ကုပေးနေတာ အများအကျိုးအတွက် လုပ်နေတာကိုလည်း ကျေးဇူးတင်တဲ့အကြောင်းကို အားလုံးအတွက် ပြောချင်ပါတယ်"
သူတို့အဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးလည်း စစ်ဘေးရှောင်ဒေသတွေမှာ ကျန်းမာရေး အသိပညာပေးတာ၊ စာသင်ကျောင်းတွေမှာ လိင်ပညာပေးတာတွေနဲ့ ဝေးလံတဲ့ဒေသတွေက ကျောင်းကျန်းမာရေးကိစ္စတွေကို တိုးပြီး လုပ်သွားဖို့ ရှိနေပါတယ်။
ဒီလိုနယ်လှည့် ဆေးကုသတာဟာ ဝေးလံခေါင်သီတဲ့ ဒေသက ပြည်သူတွေအတွက် ကျန်းမာရေးအထောက်အကူဖြစ်စေတဲ့အတွက် သူတို့လိုပဲ ဆေးကုပေးတဲ့အဖွဲ့လေးတွေ အများကြီးပေါ်ပေါက်လာစေချင်တယ်လို့ အဖွဲ့သားတွေက ပြောပါတယ်။