လုံခြုံရေးအတွက် ကိုယ်ခံပညာသင်လာကြတဲ့ ကလေးမြို့က အမျိုးသမီးငယ်များ

RFA Burmese
2023.06.27
လုံခြုံရေးအတွက် ကိုယ်ခံပညာသင်လာကြတဲ့ ကလေးမြို့က အမျိုးသမီးငယ်များ စစ်ကိုင်းတိုင်း ကလေးမြို့တွင် တိုက်ကွမ်ဒို ကိုယ်ခံပညာ သင်ကြားနေသည့် လူငယ်များအား ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အမျိုးသမီးငယ်တွေ အပါအဝင် လူငယ်တွေဟာ တိုက်ကွမ်ဒိုအားကစားကို ပိုပြီးသင်လာကြတယ်လို့ သင်တန်းဆရာတွေက ပြောကြပါတယ်။

"တိုက်ကွမ်ဒိုသင်တန်းဖွင့်လို့ ဝါသနာပါတော့တက်တာ ပထမတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့"

ကိုယ့်ကိုယ်ကိုကာကွယ်ဖို့နဲ့ ဝါသနာအရ ဒီပညာကိုသင်ခဲ့တာလို့ အသက် ၁၆ နှစ်အရွယ် မောင်ပေါင်ဆွမ်ဟောက်က RFA ကို ပြောပါတယ်။

“ကျောင်းပိတ်တဲ့ အချိန်ကစလို့ ဘာမှကျောင်းမတက်တော့တာ၊ ဒီအတိုင်းပဲ နေတော့တာပေါ့။ ပြီးတော့ တိုက်ကွမ်ဒိုသင်တန်းဖွင့်လို့ ဝါသနာပါတော့တက်တာ ပထမတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပေါ့။ပြီးတော့ ဝါသနာအရနဲ့ပေါ့။ လုံးဝသိသာတာကတော့ ဝိတ်ကျတာပေါ့။ ခန္ဒာကိုယ် သွက်လက်တယ်၊ ပြီးတော့ ကျန်းမာလာတဲ့ပေါ့၊ စိတ်ခွန်အားရတယ်ပေါ့”

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လူငယ်တွေတော်တော်များများ ကျောင်းမတက် တော့တဲ့အပြင် အိမ်မှာနေပြီး အင်တာနက်အွန်လိုင်းရတဲ့ တယ်လီဖုန်းတွေနဲ့ပဲ အချိန်ကုန် နေရပါတယ်။ ဒီကြားထဲမှာ လူငယ်တွေစိတ်လေပြီး မူးယစ်ဆေးဝါးတွေသုံးတဲ့အဆင့်ထိ ရောက်မလာအောင် သင်တန်းဖွင့်ဖြစ်ခဲ့တာလို့ တိုက်ကွမ်ဒိုနည်းပြဆရာ ကိုနောင်စိန်က ပြောပါတယ်။

“အခုခေတ်မှာ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံရေးမကောင်းတဲ့ အချိန်မှာပေါ့နော်၊ အဓိက ကျောင်းသူ၊ ကျောင်းသားတွေက စာသင်လို့မရတော့ဘူးဆိုတော့ ကောင်းကောင်း ကျောင်းတက်လို့ မရဘူးဆိုတော့ လေလွင့်တဲ့ ကလေးတွေ များလာတယ်။ တချို့ကျတော့ မူးရစ်ဆေးဝါးပါသုံးတဲ့ အခြေအနေထိပေါ့နော်။ ပျက်စီးတဲ့ ကလေးတွေ များလာတယ်ဆိုတော့ သူတို့က တခြားနေရာမှာ အချိန်မဖြုန်းဘဲနဲ့ ဒီတိုက်ကွမ်ဒိုလာ ကစားလာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ဖွင့်တာပါ”

အခုလို ခေတ်ကာလမကောင်းတဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ခံပညာနည်းနည်း ဖြစ်ဖြစ်တတ်ထားမှသာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်မယ်လို့ အသက် ၁၇ နှစ်အရွယ် မကိမ်ကိမ်က ယုံကြည်ထားပါတယ်။

“အဓိကကတော့ ဝါသနာပါလို့ပေါ့နော်။ နောက်တစ်ခုက ဝါသနာပါတဲ့အလျောက် တတ်တဲ့လက်စနဲ့ ပြိုင်ပွဲဝင်နိုင်တဲ့ အဆင့်ထိရောက်အောင် ကြိုးစားချင်တယ်။ ဒီသင်တန်းပြီးရင်တော့ တိုက်ကွမ်ဒိုပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆက်သင်ချင်တယ်။ ကိုယ်တတ်သလောက်ပညာလေးနဲ့ ဝါသနာပါတဲ့သူတွေကို ပြန်ပြီးတော့ မျှဝေပေးချင်ပါတယ်”

ကလေးတွေကို ကိုယ်ကာယပါ ပြည်စုံစေချင်တဲ့အပြင် ခေတ်မကောင်းတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ကွယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုက်ကွမ်ဒိုအားကစားသင်တန်း တက်ခိုင်းတာလို့ မိဘတစ်ဦးဖြစ်တဲ့ ကိုမုန်ကြီးက RFA ကို ပြောပါတယ်။

“ဉာဏတစ်ခုတည်းနဲ့ မပြည့်စုံဘူးလေ၊ ကာယရော ပြည့်စုံမှပေါ့။ ခေတ်လူငယ်တွေ အတွက် အားလုံးပြည့်စုံမှ သူတို့ ဉာဏ်ရည်၊ ပညာရေးမှာလည်း အထောက်အကူပြုမယ်။ သူတို့ရဲ့ ခုခံကာကွယ်မူပေါ့နော်၊ ဒီအပြင်ဘက်ပိုင်းပေါ့ မိန်းကလေးတွေဆိုရင် သူတို့ကိုယ်သူတို့ ယုံကြည်မူနဲ့ပေါ့နော်။ ကိုယ်ကိုယ်ကို ကာကွယ်နိုင်စွမ်းရှိအောင်ရော၊ ဘာပဲဖြစ်ဖြစ် ခုခံနိုင်အောင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ထားဖြစ်တာပါ”

ကလေးမြို့မှာ တိုက်ကွမ်ဒို အားကစားသင်တန်းဖွင့်တာ တစ်နှစ်လောက်ရှိနေပြီး အခုလက်ရှိ သင်တန်းသား အယောက် ၅၀ ကျော်ရှိပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် တိုက်ကွမ်ဒို ကိုယ်ခံပညာ သင်ကြားနေသည့် လူငယ်များအား ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်ကိုင်းတိုင်း ကလေးမြို့တွင် တိုက်ကွမ်ဒို ကိုယ်ခံပညာ သင်ကြားနေသည့် လူငယ်များအား ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

တစ်ယောက်ကို သင်တန်းကြေး ငါးသောင်းကျပ် သတ်မှတ်ထားပေမယ့် မတတ်နိုင်တဲ့ သူတွေနဲ့ ဘာသာရေးဆရာတွေကို အလကားသင်ပေးတယ်လို့ ဆိုပါတယ်။

ဒီသင်တန်းက လူငယ်တွေဟာ ပြိုင်ပွဲဝင်နိုင်တဲ့ အရည်အချင်းရှိနေပေမယ့် လေယာဉ်နဲ့ပဲ သွားလာရလွယ်ကူတဲ့အတွက် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ပြိုင်နိုင်ဖို့အခက်အခဲ ဖြစ်နေတာပါ။

ကလေးမြို့က တိုက်ကွမ်ဒို အားကစားသင်တန်းဟာ မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအားကစား အဖွဲ့ချုပ်နဲ့ ချိတ်ဆက်ထားပေမယ့် အားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့အတွက် လမ်းစရိတ်များလွန်းလို့ ပြိုင်ဖို့ခက်နေတယ်လို့ ဆရာ ကိုနောင်စိန်က RFA ကို ပြောပါတယ်။

“ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ပြိုင်ပွဲတွေရှိတယ်။ ပြိုင်ပွဲတွေသွားပြိုင်နိုင်ဖို့ အတွက် ကောင်းကောင်းလေ့ကျင့်ထားတယ်။ ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ လမ်းစရိတ်အများတာကြောင့် မသွားနိုင်သေးတာပါ။ ပြိုင်ပွဲ ပြိုင်ဖို့တော့ရှိတယ်၊ အဆင်သင့်လည်း လုပ်ထားတယ်”

ကလေးမြို့က လူငယ်တွေဟာ တိုက်ကွမ်ဒိုနဲ့ပတ်သက်ပြီးတော့ ပြိုင်ပွဲတွေအထိ ဝင်ယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်ကြိုးစားနေသလို ဒီအားကစားနဲ့ ပတ်သက်ပြီး ပြန်လည် လက်ဆင့်ကမ်းမျှ ဝေနိုင်ဖို့လည်း ဆန္ဒရှိနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။