ကလေးမြို့က အနှစ်လေးဆယ်ကျော် သံသေတ္တာလုပ်ငန်း

RFA Burmese
2024.02.06
ကလေးမြို့က အနှစ်လေးဆယ်ကျော် သံသေတ္တာလုပ်ငန်း ကလေးမြို့မှ သံသေတ္တာလုပ်ငန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့နေရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ ကလေးမြို့က အနှစ်လေးဆယ်ကျော် သက်တမ်းရှိတဲ့ ပွင့် သံသေတ္တာလုပ်ငန်းမှာ သံနဲ့ ပတ်သက်တဲ့ ပစ္စည်းအများစုကို ထုတ်လုပ်ရောင်းချနေတာကြတာပါ။ အဲဒီသံထည်တွေကို တမူးမြို့နယ်ကတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဘက်ကို ပို့ပြီးရောင်းချပါတယ်။

"သံသေတ္တာ အသေး၊ အကြီး ဆိုဒ်စုံလုပ်တယ်။ နိုင်ငံခြားကလာတဲ့ သံပြားတွေနဲ့လုပ်တယ်။ ဘာသာရေး သေတ္တာအစုံ၊ ဘာသာရေး သာရေး၊ နာရေး လင်ဗန်းတွေလည်း လုပ်တယ်။ စုဘူးအမျိုးမျိုး လုပ်တယ်။ ပန်းရန်သုံး‌တွေ၊ ဆန်ပုံး‌တွေလည်း လုပ်တယ်။ သံနဲ့ပတ်သက်လာရင် အော်ဒါမှာတာ အစုံလုပ်တယ်"

ဒါကတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့က ပွင့် သံသေတ္တာလုပ်ငန်းပိုင်ရှင် ဒေါ်နုဆွေ ပြောပြတာပါ။

"သံနဲ့ပတ်သက်တာ အော်ဒါမှာရင် အကုန်လုပ်ပေးတယ်"

သူတို့လုပ်ငန်းကို ၁၉၈၁ ခုနှစ်ကတည်းကနေ စခဲ့တဲ့အတွက် အခုဆိုရင် အနှစ်လေးဆယ်ကျော် သက်တမ်းရှိနေပါပြီ။

အလုပ်သမားတွေဟာ သေတ္တာ အကြီး၊ အသေးပေါ်မူတည်ပြီး လုပ်ခအနေနဲ့ တစ်လုံးကို တစ်သောင်းကျော်ကနေ တစ်သောင်းခွဲ (ကျပ်) အထိရတယ်လို့ လုပ်သက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ ကိုရှိုင်းထက်အောင်က RFA ကို ပြောပါတယ်။

"ပီပါပုံးတွေဆိုရင် တစ်နေ့ကို သံသေတ္တာတစ်လုံးပြီးတယ်။ အောက်ပိုင်းကမှာတဲ့ သံပြားတွေဆိုရင် တစ်နေ့ကို နှစ်လုံး၊ သုံးလုံး ပြီးတယ်။ ဒီလိုဟာမျိုး ဘုရားကျောင်းကမှာတဲ့ ပိုက်ဆံသေတ္တာလေးတွေဆိုရင် လက်ခ တစ်လုံးကို ရှစ်ရာ တစ်နေ့ကို ၁၅ လုံး၊ အလုံး၂၀ အထိပြီးတယ်။ သံနဲ့ပတ်သက်တာ အော်ဒါမှာရင် အကုန်လုပ်ပေးတယ်"

သံပီပါပုံးတွေနဲ့ သေတ္တာလုပ်မယ်ဆိုရင် သံပီပါပုံးတွေခွဲပြီး ဖြောင့်အောင် ပုံဖော်ထုပေးရတယ်လို့ လုပ်သက်ရှစ်နှစ်ရှိပြီဖြစ်တဲ့ ကိုခိုင်မင်းမြတ်က ပြောပါတယ်။

"ပုံစံအမျိုးမျိုးတွေ ဖော်ပေးတယ်။ တစောင်းလေးတွေရော၊ တည့်တွေရော သံသေတ္တာတစ်လုံးနဲ့ တစ်လုံး မရိုးအောင် လုပ်ပေးတယ်။ ပုလင်းပြားတွေဆိုရင် ကပ်ကြေးနဲ့ ဖြတ်ပြီးတော့ တန်းလုပ်ရတယ်။ သူကဖြောင့်ပြီးသားဆိုတော့၊ ပီပါတွေကတော့ ပီပါပုံးကို အရင်ခွဲပြီးတော့မှ ဖြောင့်နေအောင် ထုရတယ်။ အချောကို သေချာအောင် ဖော်ရတာပေါ့ဗျာ"

ပွင့် သံသေတ္တာလုပ်ငန်းကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ကလေးမြို့နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဖြန့်ချိရောင်းချတဲ့အပြင်၊ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာမြို့အထိပို့ပြီး ရောင်းချနိုင်ခဲ့လို့ ဖောက်သည်တွေလည်း အတော်ရခဲ့တယ်လို့ ပြောပါတယ်။

ကလေးမြို့မှ သံသေတ္တာလုပ်ငန်းအား  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့နေရစဉ်။ (Photo: RFA)
ကလေးမြို့မှ သံသေတ္တာလုပ်ငန်းအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့နေရစဉ်။ (Photo: RFA)

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာလည်း မငြိမ်သက်သလို ဒေသတွင်းတိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲသွားပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ ခြံစည်းရိုးကာဖို့နဲ့ ပြည်ဝင်ခွင့်ဗီဇာပါမှ ဝင်ခွင့်ပြုဖို့ အိန္ဒိယဗဟိုအစိုးရက ကြိုးစားနေပါတယ်။ အဲဒီစီမံကိန်းပြီးသွားရင် နှစ်နိုင်ငံ ပြည်သူတွေရဲ့ ကုန်သွယ်ရေးတွေမှာလည်း အခက်အခဲတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မန္တလေးလို ပြည်တွင်းက မြို့တွေရော၊ အိန္ဒိယဘက်ကိုပါ မပို့‌နိုင်တော့လို့ အရင်လို လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ အလုပ်သမားတွေလည်း အခက်အခဲရှိသွားတယ်လို့ ဒေါ်နုဆွေက ပြောပြပါတယ်။

"အခုချိန်မှာလုပ်ရတာက မန္တလေးမှာ ပစ္စည်းတွေမှာတယ်၊ လုံးဝ မရောက်နိုင်ဘူး။ ပုံမှန်လမ်း မဟုတ်တဲ့ လမ်းကနေပတ်ပြီး သယ်မယ်ဆိုရင် တန်ဆာခတွေ သုံးဆလောက်ယူတယ်။ အဲဒါဆိုတော့ မတင်နိုင်ဘူး။ ဒီတိုင်းပဲ ခဏအဲလိုနားရတယ်။ ပြီးတော့ အင်ဖာဘက်တွေ၊ တမူးဘက်ကို ပို့မယ့်ဟာလည်း မပို့နိုင်ဘူး။ အဲလိုပဲ လမ်းခရီး မကောင်းတော့၊ လုပ်ငန်း သိပ်မကောင်းတော့၊ အခုအချိန်က အလုပ်သမား ကောင်မလေးတွေ၊ ဆေးသုတ်တဲ့သူတွေ နားရတယ်။ နည်းနည်းတော့ အခုချိန်က အခက်ခဲတွေရှိ တယ်။ ဆယ်ယောက်လောက်နဲ့ လုပ်တဲ့အလုပ်က အခုအချိန်ကတော့ နှစ်ယောက်၊ သုံးယောက် လောက်လေးနဲ့ပဲ လုပ်ရတော့တယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။