ကလေးမြို့မှာ စက်ဘီးနဲ့ ဆိုင်ကယ်ပြင်နေတဲ့ မသန်စွမ်း ဦးကျင့်ခန့်တွောင်

RFA Burmese
2023.12.27
ကလေးမြို့မှာ စက်ဘီးနဲ့ ဆိုင်ကယ်ပြင်နေတဲ့ မသန်စွမ်း ဦးကျင့်ခန့်တွောင် ကလေးမြို့ တာဟန်းရပ်ကွက်တွင် စက်ဘီးနှင့် ဆိုင်ကယ် ပြုပြင်ပေးသည့် ဦးကျင့်ခန့်တွောင်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်တိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်က ကားလမ်းဘေးမှာ စက်‌ဘီးနဲ့ မော်တော်ဆိုင်ကယ် ပြင်နေတဲ့သူကတော့ အသက် ၄၄ အရွယ် ဦးကျင့်ခန့်တွောင် ဖြစ်ပါတယ်။

"စားလောက်၊ သောက်လောက်ရုံပါပဲ။ အခုက တစ်ရက်ကို တစ်သောင်းလောက်ပဲရတယ်"

သူဟာ အသက်တစ်နှစ်မပြည့်ခင်က ဖျားနာပြီး ဆရာဝန်ဆေးထိုးမှားတဲ့အတွက်ကြောင့် ခြေထောက်မသန်တဲ့ဘဝ ရောက်သွားရတဲ့သူဖြစ်ပါတယ်။ အတန်းပညာမှာလည်း မူလတန်းတောင် ဆုံးအောင် မသင်ခဲ့ရပါဘူး။ ဒါပေမဲ့ သူဝါသနာတဲ့ စက်ဘီးပြင်တဲ့ ပညာကို လေ့လာခဲ့ပါတယ်။

"လက်မှုပညာက ကျွန်တော် ဝါသနာပါတာ။ ဘယ်သူကမှခိုင်းလို့ မဟုတ်ဘူး။ လက်မှုပညာတတ်ချင်တယ်လို့ မိဘတွေဆီပြောတော့ အမျိုးတွေဆီပို့တယ်။ အဲမှာ စက်ဘီးပြင်တာ စလုပ်ဖြစ်တာ။ ကျွန်‌‌တော် ဝါသနာပါတာဆိုတော့ တတ်လာတယ်၊ ပြင်တတ်လာတော့ တစ်နှစ်လောက်ကျော်မှ လခရလာတယ်။ ငယ်ငယ်က စာမလိုက်နိုင်တော့ သုံးတန်းလောက်ထိပဲ ကျောင်းတက်ခဲ့တယ်"

သူ့ဇနီး ဒေါ်ဒိမ့်ရှန်‌မွောင်ကလည်း အလုပ်မှာ ဝိုင်းကူလုပ်ကိုင်ပေးနေပါတယ်။ အခုအချိန်မှာတော့ ကုန်ဈေးနှုန်းကြီးလာလို့ အများနည်းတူ သူတို့ မိသားစုလည်း စားဝတ်နေရေး ကျပ်တည်းလာတယ်လို့ ပြောပါတယ်။

"ကျွန်မက စက်ဘီးဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် ဖြုတ်ပေးတယ်။ ပြီးတော့ အမျိုးသားက ပြင်စရာရှိတာ ပြင်ပြီးတော့ သူက ပြန်တတ်ပေါ့။ ကျွန်မ ပြန်တတ်လို့ရတဲ့ဟာမျိုးဆို ကျွန်မ တတ်ပေးတယ်။ နိုင်ငံရေး မကောင်းတော့ အရင်ကထက် ပိုခက်ခဲတယ်။ အခုက ကုန်ဈေးတက်တာ ဒီမှာ လုပ်မယ့်ဟာလည်း ပါးလားတယ်။ ခက်ခဲတယ်။ အရင်ခေတ်ကောင်းတုန်းကဆို အလုပ်လည်းရှိ၊ ဝင်ငွေလည်းပိုရတယ်"

သူတို့မှာ သား တစ်ယောက်နဲ့ သမီး သုံးယောက်ရှိပါတယ်။ ဒါကြောင့် မိသားစု ခြောက်ယောက်အတွက် စားဝတ်နေရေးကို ဒီဝင်ငွေတစ်ခုတည်းနဲ့ ရပ်တည်နေရတာပါ။

ကလေးမြို့ တာဟန်းရပ်ကွက်တွင် စက်ဘီးနှင့် ဆိုင်ကယ် ပြုပြင်ပေးသည့် ဦးကျင့်ခန့်တွောင်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကလေးမြို့ တာဟန်းရပ်ကွက်တွင် စက်ဘီးနှင့် ဆိုင်ကယ် ပြုပြင်ပေးသည့် ဦးကျင့်ခန့်တွောင်အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လွန်ခဲ့တဲ့ဆယ်နှစ်က စက်ဘီးပြင်ဆိုင်လေး စဖွင့်ခဲ့ပြီး နောက်ပိုင်းတော့ မော်တော်ဆိုင်ကယ်တွေ တွင်ကျယ်လာတဲ့အတွက် ဆိုက်ကယ်ပါ ပြင်လာတာလို့ ဦးကျင့်ခန့်တွောင်က ပြောပါတယ်။

"စက်ဘီးတွေကို အဓိကထား ပြုပြင်ပေးတယ်။ ၂၀၀၃ ကနေစပြီး တာဟန်းဒီမှာပဲ ဆိုင်ဖွင့်ခဲ့တာ။ အများကြီးတော့ မရပါဘူး။ ညမနက်စာလောက် အဆင်ပြေရုံပဲ။ စားလောက်၊ သောက်လောက်ရုံပါပဲ။ အခုက တစ်ရက်ကို တစ်သောင်းလောက်ပဲရတယ်"

အဲဒီ တာဟန်းရပ်ကွက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ ပစ်ခတ်တိုက်ခိုက်တာတွေရှိတဲ့အတွက် ဦးကျင့်ခန့်‌‌တွောင်ရဲ့ စက်ဘီးပြင်ဆိုင်လေး‌လည်း ခဏခဏ ပိတ်နေရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းပြီး လွတ်လပ်တဲ့အခြေအနေရဖို့ ဦးကျင့်ခန့်တွောင်တို့ မိသားစုလည်း မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။