မသန်စွမ်းသူတွေဖွင့်ထားတဲ့ ရန်ကုန်က Golden Hope ကော်ဖီဆိုင်လေး
2023.11.24

ရန်ကုန်မြို့ လှိုင်ဘူတာရုံလမ်းမှာ ထူးထူးခြားခြား ဖွင့်ထားတဲ့ ကော်ဖီနဲ့ မုန့်မျိုးစုံ ရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိပါတယ်။ ဆိုင်နာမည်က Golden Hope - Cafeteria & Bakery House ပါ။ အဲဒီဆိုင်ကို မသန်စွမ်းပုဂ္ဂိုလ်တွေ ထူထောင်ထား တာ ဖြစ်ပါတယ်။
ကိုယ်အင်္ဂါသန်စွမ်းမှ၊ ရုပ်ရည်ချောမောမှ အလုပ်ကိုင်အခွင့်အလမ်းရနိုင်တဲ့ လူ့အသိုင်းအဝိုင်းတစ်ခုမှာ၊ မသန်စွမ်းတွေလည်း အခွင့်အလမ်းပေးရင် စွမ်းဆောင်နိုင်ပါ တယ်ဆိုတာ သက်သေပြချင်တာကြောင့် ဖွင့်ထားတာလို့ ပြောကြပါတယ်။
"မသန်စွမ်းအများစုကို လူတွေက ထင်နေတာ၊ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေကြတယ်။ သူတို့ မစွမ်းဆောင်နိုင်ဘူးလို့ ကြိုပြီး တရားစီရင်ထားကြတယ်။ ကျွန်တော်တို့အပေါ်မှာ ယုံကြည်မှုမရှိဘူး၊ မလုပ်နိုင်လောက်ဘူး။ ကျွန်တော်တို့က လူ့အသိုင်းအဝန်းရဲ့အပြင်မှာ ရောက်နေတယ်။ ငါတို့ဘာလို့ မလုပ်နိုင်ရမှာလဲ၊ မသန်လည်းလူ၊ သန်လည်းလူ စွမ်းဆောင်မှုသာအဓိက၊ ဒါကို သက်သေပြတဲ့အနေနဲ့ လုပ်နိုင်ပါတယ်။ လုပ်နိုင်ဖို့ အတွက် အခွင့်အရေးပေးဖို့၊ အခွင့်အလမ်းတွေပေးဖို့ လူ့အသိုင်းအဝန်းကြီးက အသိအမှတ်ပြုပေးဖို့လိုပါတယ်ဆိုတာ သက်သေပြချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီဆိုင်ကို ဖွင့်ခဲ့ရတာဖြစ်ပါတယ်"
အခုပြောနေတဲ့သူကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ် ဘူတာရုံလမ်းထဲမှာ မသန်စွမ်းသူတွေ ဦးဆောင်ပြီးဖွင့်ထားတဲ့ Golden Hope ဆိုတဲ့ ကော်ဖီနဲ့ မုန့်မျိုးစုံဆိုင်က ဦးမြတ်သူဝင်း ပါ။
တချို့ကုမ္ပဏီတွေ၊ ဆိုင်တွေရဲ့ အလုပ်ခေါ်စာတွေမှာ ကိုယ်ခန္ဓာသန်စွမ်းရမည်၊ ရုပ်ရည်ချောမောရမည်လို့ သတ်မှတ်ချက်တွေနဲ့ခေါ်တဲ့ စံနှုန်းတွေဟာ သူတို့လိုလူတွေကို ဖယ်ထုတ်ထားသလို ဖြစ်နေလို့ ခွဲခြားဆက်ဆံမှုအားလုံးကို ဖြိုဖျက်ပြီး၊ မသန်လည်းလူ၊ သန်လည်းလူ စွမ်းဆောင်မှုသာ အဓိကဆိုတာကို သက်သေပြချင်တာကြောင့် ဒီလုပ်ငန်းတည်ထောင်ထားတာလို့ သူကပြောပါတယ်။
ဒီဆိုင်မှာ ဝန်ထမ်းအနေနဲ့ သန်စွမ်းတဲ့သူက သုံးယောက်၊ မသန်စွမ်းတဲ့သူက သုံးယောက်ရှိတယ်လို့ ငွေသိမ်းကောင်တာက ကိုထွန်းထွန်းနိုင်က ပြောပါတယ်။
"ကျွန်တော်တို့ဆိုင်က ဌာနသုံးခုမှာ လုပ်ငန်းခွင် သုံးနေရာမှာ မသန်စွမ်းသူတွေ လုပ်ကိုင်နေတယ်ပေါ့နော်၊ ငွေသွင်းငွေထုတ်နေရာမှာဆိုလို့ရှိရင် ကျွန်တော် တာဝန်ထမ်းဆောင်နေပါတယ်၊ ကော်ဖီအဖျော်၊ အအေးဖျော်တဲ့အပိုင်းမှာဆိုလို့ရှိရင် အကြားအာရုံ မသန်စွမ်းသူတစ်ယောက် လုပ်ပါတယ်၊ ကိတ်မုန့်တွေ၊မွေးနေ့ကိတ်တွေ လုပ်တဲ့အပိုင်းမှာဆိုရင် ကိုယ်အင်္ဂါမသန်စွမ်းသူ တစ်ယောက်က လုပ်ဆောင်နေပါတယ်၊ ဒါကြောင့် ဒီဆိုင်မှာ မသန်စွမ်းသူ သုံးဦးနဲ့ သန်စွမ်းသူ သုံးဦးတို့နဲ့တွဲပြီး လုပ်ဆောင်နေကြပါတယ်"
ဒီလို လူတိုင်းပါဝင်နိုင်ပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ဆိုင်မျိုး တစ်နိုင်ငံလုံးမှာ ရှိသင့်တယ်လို့ သူတို့ဆိုင်ရဲ့ ဖောက်သည်တစ်ယောက်ဖြစ်တဲ့ ဦးဝင်းနိုင်က ပြောပါတယ်။
"တစ်နိုင်ငံလုံးမှာလည်း ရှိသင့်တယ်၊ အဲလိုရှိအောင်လည်း သန်စွမ်းတဲ့သူတွေက ဖေးမကူညီတာ၊ လက်တွဲဆောင်ရွက်တာ၊ ရန်ပုံငွေ ထူတောင်တာလုပ်သင့်တယ်။ ဒါမှ ကျွန်တော်တို့နိုင်ငံက မသန်စွမ်းတွေအတွက် အားဖြစ်မယ်၊ တစ်နိုင်ငံလုံးမှာ ဒီလိုဆိုင်မျိုး ရှိသင့်ပါတယ်၊ အဲလိုဆိုင်တွေ တွေ့ခဲ့ရင်လည်း သန်စွမ်းတဲ့သူတွေက ဆိုင်ချင်းတူ စားသောက်ချင်းတူရင်တောင် ဒီလိုမသန်စွမ်းတဲ့ဆိုင်တွေကို သွားစားရမယ်၊ အားပေးရမှာ"
စားသုံးသူတွေကို လေးလေးစားစားဆက်ဆံတာတွေ့ရပြီး၊ သူတို့တွေဟာ မသန်စွမ်းသူတွေ မဟုတ်ဘူး၊ သန်စွမ်းတဲ့သူတွေဖြစ်တယ်လို့ နောက်ထပ် ဖောက်သည်တစ်ယောက် ဖြစ်တဲ့ ကိုဟိန်းမင်းအောင်ကလည်း ပြောပါတယ်။
"မသန်ပေမယ့် စွမ်းတဲ့အထဲမှာပါတယ်။ ပြည့်ပြည့်စုံစုံရှိတဲ့ ကျွန်တော်တို့တွေထက် တောင်မှ ပိုပြီး တော်နေသေးတယ်။ ကျွန်တော်တို့ဆိုလို့ရှိရင် စားသုံးသူတွေ အဆင်ပြေအောင်ပေးရတဲ့ဝန်ဆောင်မှုမျိုးကို မလုပ်တတ်ဘူး၊ အတွေ့အကြုံလည်း မရှိဘူး၊ ဒါပေမဲ့ သူတို့ ဆိုင်လာတဲ့တစ်ယောက်ချင်းစီတိုင်းကို လေးလေးစားစားနဲ့ ဆက်ဆံတယ်၊ သူတို့ရဲ့အားနည်းချက်ကို လက်မလျှော့ဘဲ ကြိုးစားထားတာ တွေ့ရတယ်၊ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအစ ကြံ့ကြံ့ခိုင်ခိုင်နဲ့လုပ်နေတယ်ဆိုတာကို မြင်ရတယ်"
မွေးကတည်းက သူ့ရဲ့သားလေးကို လမ်းလျှောက်နိုင်ပါ့မလားလို့ မိဘတွေစိုးရိမ်ခဲ့ရတဲ့ မွေးရာပါ ကိုယ်လက် အင်္ဂါမသန်စွမ်းသူ ကိုသူရအောင်ဟာ ဒီဆိုင်မှာ ရောင်းသမျှကိတ်နဲ့ မုန့်မျိုးစုံအပြင် အော်ဒါမှာတဲ့ မွေးနေ့ကိတ်တွေကိုလုပ်နိုင်တာကြောင့် သူနဲ့ဘဝတူ မသန်စွမ်းတွေ စိတ်ဓာတ်မကျဖို့ ပြောပါတယ်။
"မသန်စွမ်းတဲ့ ညီအစ်ကိုမောင်နှမတွေ စိတ်ဓာတ်မကျပါနဲ့။ မဖြစ်နိုင်ဘူးဆိုတာ မရှိသေးဘူး။ လုပ်ကြည့်ပါ၊ ဖြစ်ကိုဖြစ်လာလိမ့်မယ်"
"လူမှန်းသိတတ်တဲ့အရွယ်ရောက်တော့ ငါလူတောထဲ တိုးနိုင်ပါ့မလား စိုးရိမ်တယ်။ မရရအောင် တိုးမယ်ကွာ၊ ငါစိတ်ဓာတ် ကျလို့မဖြစ်ဘူး၊ ကိုယ့်ကိုယ်ကို ခံယူချက်နဲ့ လူတောတိုးလာခဲ့တယ်။ အခု ကျွန်တော်က ဒီဆိုင်မှာ မုန့်ဖုတ်သူတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေတယ်။ ဒီမွေးနေ့ကိတ်ဆိုရင်လည်း ကျွန်တော်ကိုယ်တို င်လုပ်ထားတာ။ ဆိုင်ကကိတ်တွေဆိုလည်း ကျွန်တော်ကိုယ်တိုင် လုပ်တယ်။ ဒါကြောင့် မသန်စွမ်းတဲ့ ညီအစ်ကိုမောင်နှမတွေ စိတ်ဓာတ်မကျပါနဲ့။ မဖြစ်နိုင်ဘူးဆိုတာ မရှိသေးဘူး။ လုပ်ကြည့်ပါ၊ ဖြစ်ကိုဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ကကျတော့ မသန်လည်းလူ၊ သန်လည်းလူပဲ။ စိတ်ဓာတ်ကျနေလို့ အလကားပဲ"
သူတို့အနေနဲ့ သန်စွမ်းသူတွေထက် ပိုပြီး အားသာအောင် ကြိုးစားထားတယ်လို့ Golden Hope တည်ထောင်သူထဲမှာပါတဲ့ ဦးမြတ်သူဝင်းက ပြောပါတယ်။
"ကျွန်တော်တို့ပိုပြီးတော့ ဝန်ဆောင်မှုကောင်းအောင်၊ သန့်ရှင်းမှုကောင်းအောင်၊ စားသုံးတဲ့သူတွေ ပိုပြီးနှစ်လိုဖွယ်ဖြစ်အောင် ပြင်ဆင်ရတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်က အားသာချက်ဖြစ်သွားတယ်။ ငါတို့ကို ဒီလိုမြင်မှာစိုးတဲ့ အတွက်ကြောင့် ဝန်ဆောင်မှုကို ပိုပြီးတော့ပေးရမှာပါလား၊ ငါတို့ သန့်သန့်ပြန့်ပြန့် လုပ်ရမှာပါလား၊ ပိုပြီးကြိုးစားရမှာပါလားဆိုပြီးတော့ သန်စွမ်းတဲ့သူတွေထက်ပိုပြီး ကျွန်တော်တို့တွေဟာ အစားအသောက်တွေကို ဂရုတစိုက်နဲ့ ဝန်ဆောင်မှုပေးလာတာ သုံးနှစ်အထိ ရှိလာပါပြီ၊ သနားလို့၊ ကြုံလို့ အားပေးတဲ့ဖောက်သည်တွေအပြင် ဝန်ဆောင်မှုကိုနှစ်သက်လို့၊ ကျွန်တော်တို့ဆိုင်က အရသာကိုကြိုက်လို့ ပုံမှန်အား ပေးနေတဲ့သူတွေ အများကြီးရှိပါတယ်"
Golden Hope ဆိုတဲ့ ဒီ Cafeteria & Bakery House မှာ ပန်းချီဆရာတွေရဲ့ လက်ရာတွေ ကြည့်ရင်း အေးအေးလူလူကော်ဖီသောက်ပြီး သုတရသစာအုပ်တွေကိုလည်း ဖတ်ရှုနိုင်အောင် စာအုပ်စင်လေး လုပ်ပေးထားတာလည်းတွေ့ရပါတယ်။