လက်နက်ကြီးကြောင့် မသန်စွမ်းဖြစ်ပြီး အနာဂတ်ပျောက်ခဲ့ရတဲ့ ကချင်အမျိုးသမီးငယ်

RFA Burmese
2022.12.21
လက်နက်ကြီးကြောင့် မသန်စွမ်းဖြစ်ပြီး အနာဂတ်ပျောက်ခဲ့ရတဲ့ ကချင်အမျိုးသမီးငယ် လက်နက်ကြီးကျည်ထိမှန်ပြီး မသန်စွမ်းဘဝ ရောက်ခဲ့ရသည့် မနူးကိုင်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ဆိုရင် အသက် ၂၀ အရွယ် မနူးကိုင်တစ်ယောက် လက်နက်ကြီးကျည် ခါးကိုထိမှန်ပြီး ခန္ဓာကိုယ်အောက်ပိုင်း လှုပ်မရတော့ဘဲ မသန်စွမ်း ဘဝရောက်တာ ၁၀ နှစ်ပြည့်ပါပြီ။

သူ ၁၀ နှစ်ကျော်အရွယ် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ်၊ လိုင်ဇာမှာရှိတဲ့ သူ့အိမ်ထဲကမုန်ညင်းခြံကို ရေလောင်းနေချိန် စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မနူးကိုင် အပါအဝင် ဒေသခံငါးဦး ဒဏ်ရာရခဲ့သလို သုံးဦးသေဆုံးခဲ့တာပါ။

"ကျမ ဘယ်ကိုမှ မပြေးနိုင်တော့ဘူး။ အိမ်ပေါ်က စားပွဲအောက်တွေမှာ ပုန်းတာလောက်ပဲ လုပ်နိုင်တယ်"

အဲဒီအချိန်က KIA နဲ့ စစ်တပ်တိုက်ပွဲတွေပြင်းထန်နေလို့ ညဆို လိုင်ဇာတစ်ဘက်ကမ်း တရုတ်နိုင်ငံဘက်အခြမ်းမှာ သွားအိပ်ရပြီး မနက်ပိုင်း ကျူရှင်တက်ဖို့ ပြန်လာချိန်မှာပဲ အခုလို ထိခိုက်ခဲ့ရတာပါ။

မသန်စွမ်းဘဝရောက်ခဲ့ရတဲ့ မနူးကိုင်ဟာ ကျောင်းသွားဖို့ အခက်အခဲကြောင့် ကျောင်းမတက်တော့ပေမယ့် ရွယ်တူသူငယ်ချင်းတွေ ကောလိပ်နဲ့ တက္ကသိုလ်တွေ တက်နေတာမြင်တော့ ဝမ်းနည်းမိတယ်လို့ ပြောပါတယ်။

“အစဖြစ်တဲ့အချိန်မှာတော့ သိပ်မကြာခင် ပြန်ကောင်းလာမှာပဲလို့ တွေးထားတယ်။ အခုလိုဖြစ်သွားမယ်လို့ မထင်ထားဘူး။ ငယ်သေးတော့ ပြန်ကောင်းလာမယ်ပဲ ထင်တယ်။ ကျောင်းလည်း တက်ချင်တယ်။ အခုက သူငယ်ချင်းတွေလို မသွားနိုင်တော့ တစ်ခါတလေ ဝမ်းနည်းတယ်။ မိသားစုကိုလည်း ဘာမှမကူညီနိုင်လို့ စိတ်မကောင်းဘူး။ ကျမကိုယ်တိုင် လုပ်ချင်တဲ့အလုပ်တွေ မလုပ်နိုင်တော့ တစ်ခါတလေ စိတ်တိုတယ်။ ကျောင်းတက်ရင်လည်း အပေါ့သွားရတာခက်တော့ ကလေးဒိုက်ဘာတွေပဲ သုံးရတာ အခက်အခဲတွေ အများကြီးပဲ။ သူငယ်ချင်းတွေ ကောလိပ်တွေ တက်နေတာမြင်တော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ သူတို့က တက်နိုင်တော့ ကျမအတွက်လည်း ပိုပြီးကြိုးစား ပေးကြပါလို့ ပြောဖြစ်တယ်”

သူငယ်ချင်းတွေကတော့ သူ့ဆီ မကြာခဏလာလည်ပြီး စိတ်အားမငယ်ဖို့ အားပေးကြ တယ်လို့ ဆိုပါတယ်။

ဆေးပညာကိုဝါသနာတဲ့ မနူးကိုင်ဟာ ကြီးလာရင် KIO ကဖွင့်တဲ့ ဆေးကျောင်းတက်မယ် ဆိုပြီး ရည်မှန်းချက် အိပ်မက်ရှိခဲ့ပေမယ့် အခုတော့ စိတ်သွားတိုင်း ကိုယ်မပါတော့တာ ကြောင့် အဲဒီအိပ်မက်ကို စွန့်လွှတ်လိုက်ရပါပြီ။

ဒါကြောင့် လက်ရှိ အွန်လိုင်းကနေ ကွန်ပြူတာနဲ့ အင်္ဂလိပ်စာ သင်တန်းတွေတက်ဖို့ပဲ စိတ်အားထက်သန် နေရတယ်လို့ မနူးကိုင်က ဆိုပါတယ်။

မနူးကိုင်ရဲ့အမေ ဒေါ်မရန်လုတောင်ကတော့ အချိန်ပြည့်အနားမှာ လူတစ်ဦးရှိနေပေးရတဲ့ သမီးအတွက် အလုပ်လေးတစ်ခုလောက် ဖန်တီးပေးချင်နေတယ်လို့ RFA ကို ပြောပါတယ်။

“ဆေးတွေလိုက်ကုလည်း အခုလိုပဲဖြစ်နေတာ။ ဖြစ်တဲ့ဒဏ်ရာက နည်းနည်းလေးပဲ။ အထဲမှာ ဘယ်လောက် ဘယ်လိုဖြစ်သွားလဲ မသိဘူး။ သူအခုလိုဖြစ်သွားတော့ အခက်အခဲလည်း အများကြီးရှိတယ်။ ကျမ မဟုတ်ရင် သူ့ညီမက သူနဲ့နီးနီးကပ်ကပ် နေရတယ်။ ပြီးတော့ သူက ဝမ်းသွားတာလည်း ခက်ခဲသွားတော့ ဒိုက်ဘာခံရတာ ဆိုတော့ ဝမ်းသွားပြီးရင် သန့်ရှင်းရေးလုပ်ပေးရတယ်။ အသက်အရွယ်လည်း ရလာတော့ သူ့ကိုလည်း အလုပ်ရှာပေးရမယ်။ ဒါပေမဲ့ အရင်းမရလို့ မလုပ်နိုင်ဘူးဖြစ်နေတယ်။ အရင်းရရင်တော့ အခန်းတစ်ခန်းငှားပြီး သူလုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုခု လုပ်ပေးချင် တယ်”

သမီးဖြစ်သူ အခုလိုစဖြစ်ချိန်ကတည်းက မန္တလေးမြို့အပြင် တရုတ်နိုင်ငံ၊ မန်ရှီမြို့အထိ သွားရောက်ကုသခဲ့ပေမယ့် ပြန်ကောင်းမလာတော့ဘဲ မသန်စွမ်းဘဝကို ရောက်ခဲ့ရတာလို့ ဆိုပါတယ်။

မနူးကိုင်ဟာ စဖြစ်ကတည်းက အောက်ပိုင်းလုံးဝ သေခဲ့တာဖြစ်ပြီး ဆရာဝန်တွေကတော့ အာရုံကြောတစ်ခု ပြတ်သွားတာလို့ပြောကြောင်း သူ့ကိုကူညီပြီး ကုသပေးတဲ့ လူမှုအဖွဲ့ အစည်းတစ်ခုက RFA ကို ပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်သားဖြစ်တဲ့ မနူးကိုင်ရဲ့အဖေဟာလည်း ၂၀၁၁ ခုနှစ်က ဝိုင်းမော်မြို့နယ်၊ ဆဒုံမြို့ဘက်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တာ ကြောင့် သားသမီးတွေအတွက် ရုန်းကန်နေရတယ်လို့ ဒေါ်မရန်လုတောင်က ပြောပါတယ်။

ငယ်သူငယ်ချင်း မဘောက်နူးကလည်း အခက်အခဲဖြစ်နေတဲ့ မနူးကိုင်အတွက် စိတ်မကောင်းဖြစ်ရသလို အခုအချိန်အထိလည်း တိုက်ပွဲတွေကြောင့် စိုးရိမ်နေရဆဲလို့ RFA ကို ပြောပါတယ်။

“ကျမတို့ နှစ်ယောက်က ပိုပြီးပေါင်းတာပေါ့။ အမြဲတမ်း သွားအတူ၊ လာတူတူပဲ။ ဖြစ်ချိန်တော့ မတွေ့လိုက်ဘူး။ လက်နက်ကြီးကျလို့ အသံကြားတာနဲ့ မီးခိုးတွေတော့ တွေ့တယ်။ သူဒီလိုဖြစ်သွားတော့ အခက်အခဲက အများကြီးဖြစ်သွားတယ်။ သူစိတ်ကူးတဲ့ဟာတွေ မလုပ်ရတော့ဘူး။ သူငယ်ချင်းတွေနဲ့ သွားလာဖို့လည်း ခက်ခဲသွားတယ်။ အခုထိလည်း တိုက်ပွဲတွေဖြစ်နေတုန်းဆိုတော့ ကျမတို့ကိုယ်တိုင် လည်း စိုးရိမ်နေရတုန်းပဲ။ ဘယ်ချိန် လက်နက်ကြီးတွေ ကျလာမလဲ စိုးရိမ်နေရတယ်။ ဘယ်သွားသွား မပျော်ဘူး”

၂၀၂၁ ခုနှစ်၊ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာတွင် ဖားကန့်နဲ့ မိုးမောက်မြို့နယ်မှာ ဒေသခံ ၃၀ ခန့် သေဆုံးခဲ့သလို ၅၀ နီးပါး ဒဏ်ရာရ ရှိခဲ့ပါတယ်။

nu-kai.JPG
လက်နက်ကြီးကျည်ထိမှန်ပြီး မသန်စွမ်းဘဝ ရောက်ခဲ့ရသည့် မနူးကိုင်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုချိန်အထိ တိုက်ပွဲတွေဖြစ်နေလို့ အခြားသူတွေကို သူ့လိုမထိခိုက်စေချင်တာကြောင့် အမြန်ငြိမ်းချမ်းရေး ရစေချင်ပြီလို့ မနူးကိုင်က ပြောပါတယ်။

“အခုလည်း တိုက်ပွဲတွေဖြစ်နေတော့ စိုးရိမ်တာ ကြောက်တာတွေတော့ရှိတယ်။ သတိထားပြီးတော့ နေတယ်ဆိုပေမယ့် ကျမ ဘယ်ကိုမှ မပြေးနိုင်တော့ဘူး။ အိမ်ပေါ်က စားပွဲအောက်တွေမှာ ပုန်းတာလောက်ပဲ လုပ်နိုင်တယ်။ အခုလည်း နိုင်ငံရေးမကောင်း တော့ ကျမလို မဖြစ်ပါစေနဲ့လို့ အမြဲတမ်းဆုတောင်းပေးတယ်။ အမြန်ငြိမ်းချမ်းရေး ရချင်တယ်”

မနူးကိုင်ရဲ့အမေ ဒေါ်မရန်လုတောင်ကလည်း တစ်နိုင်ငံလုံး တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးတာ၊ ဒဏ်ရာရတာတွေ နေ့စဉ်ကြားနေရတဲ့အပေါ် စိတ်မကောင်းဖြစ်မိပြီး အားလုံးစည်းလုံးဖို့ မျှော်လင့်နေပါတယ်။

၁၀ နှစ်ကျော်ကတည်း မသန်စွမ်းဘဝနဲ့ ကြီးပြင်းလာရတဲ့ မနူးကိုင်ဟာ အသက်ကြီးလာချိန် မိသားကို ပြန်ပြီးမကူညီနိုင်တဲ့အပေါ် စိတ်မကောင်းလည်းဖြစ်သလို စိုးရိမ်မှုတွေနဲ့ ရုန်းကန်အသက်ရှင်နေရပါတယ်။

လိုင်ဇာမြို့အခြေစိုက် နှလုံးသားများရဲ့နှလုံးသားများ မသန်စွမ်းအဖွဲ့စာရင်းအရ KIO ဌာနချုပ် လိုင်ဇာ အပါအဝင် အနီးအနားက ဂျေယန်၊ ဖုန်လွမ်ယန်နဲ့ ဝိုင်ကြိုင် စတဲ့ စစ်ဘေးဒုက္ခသည် စခန်းသုံးခုမှာ မသန်စွမ်း ၃၀၀ ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။