ကျီးလန့်စာစား မုန်လိုင်ခက်ဒုက္ခသည်များ

RFA Burmese
2023.11.06
ကျီးလန့်စာစား မုန်လိုင်ခက်ဒုက္ခသည်များ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နယ်ရှိ ဝေကြိုင်စစ်ဘေးဒုက္ခစခန်းသို့ ပြောင်းရွှေ့နေထိုင်ကြသည့် မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံခဲ့ကြသူများအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ အနီးက မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်း အောက်တိုဘာလ ၉ ရက်နေ့ညက တိုက်ခိုက်ခံရတာ အချိန်တစ်လနီးပါး ကြာမြင့်လာပြီ ဖြစ်ပေမယ့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒုက္ခသည် ခြောက်ရာကျော်နဲ့ ဒေသခံ နှစ်ရာကျော်၊ စုစုပေါင်း လူ ကိုးရာနီးပါးဟာ ဒီနေ့အထိ စားဝတ်နေရေး အခက်အခဲတွေအပြင် စိတ်ဒဏ်ရာတွေကိုပါ ရင်ဆိုင်ဖြတ်သန်းနေကြရဆဲပါ။

ကလေး ၁၁ ဦး အပါအဝင် စုစုပေါင်း လူ ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့တဲ့ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည် စခန်းကတော့ လက်ရှိ နေထိုင်သူလုံးဝမရှိတော့ဘဲ အပျက်အစီးတွေအတိုင်းပဲရှိနေပါတယ်။ အသက်ရှင် ကျန်ရစ်တဲ့ ဒုက္ခသည်တွေနဲ့ ဒေသခံတွေဟာ အဲဒီအချိန်ကတည်းက ဝေကြိုင်ဒုက္ခသည်စခန်းကို ပြောင်းရွှေ့နေထိုင် နေကြရတာဖြစ်ပါတယ်။

ဝေကြိုင်ဒုက္ခသည် စခန်းမှာခိုလှုံနေတဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်နန်တောင်ကတော့ စခန်းတိုက်ခိုက်ခံရတဲ့ညက အဖြစ်အပျက်ဟာ ဒီနေ့အထိ ခြောက်လှန့်နေဆဲပဲလို့ RFA ကို ပြောပါတယ်။

"တစ်အိမ်နဲ့ တစ်အိမ်က အိမ်နံရံတွေက အကုန်ပြိုကျပြီး ဖိထားတော့ ကျွန်မလည်း သတိမေ့သွားတယ် ထင်တယ်။ သတိရနေတဲ့သူတွေ အကုန်လုံးက ထွက်ပြေးသွားကြပြီ။ လေယာဉ်နဲ့တစ်ခါပြန်လာပြီး လာချတဲ့အချိန်မှ လေယာဉ်သံကြားတယ် ကျွန်မတို့ သားအမိ သုံးယောက် တူတူအိပ်တာ။ ကလေးတွေကိုလည်း အဲအချိန်မှ ပြန်နှိုး ကြည့်လိုက်တယ် ကလေးတွေကလည်း ပြန်ထူးတော့မှ သြော် ဘာမှမဖြစ်သေးဘူးလို့။ အဲဒီချိန် ကျွန်မ ထကြည့်တော့ မထနိုင်တော့ဘူး။ သုံးထပ်သားတွေ မျက်နှာကြက်က ဟာတွေ အကုန်လုံး ကျွန်မအပေါ်မှာ ပုံနေတော့ ကျွန်မက ကလေးနှစ်ယောက်ကို ကိုယ်နဲ့ ကာထားပေးသလိုဖြစ်သွားတာ။ ပတ်ဝန်းကျင်က လူတွေကို ခေါ်ကြည့်တော့လည်း အသံမကြားရတော့ဘူး။ အဲည တော်တော်လည်း လန့်သွားတယ်။ ကျွန်မတို့ အပြင်ထွက်ကြည့်တော့ အိမ်တွေကလည်း အကုန် တစ်စစီ ဖြစ်ကုန်ပြီ"

လိုင်ဇာနဲ့ အနီးတစ်ဝိုက်မှာ လက်နက်ကြီးပစ်ခတ်သံတွေကို နေ့စဉ်ကြားနေရတဲ့အတွက် အခုလည်း စိုးရိမ်မကင်းဖြစ်နေရတယ်လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ မြစ်ကြီးနား-ဗန်းမော်လမ်း ဝိုင်းမော်မြို့နယ် ကန်တော်ယန် စစ်ကောင်စီ တပ်စခန်းကို KIA က သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလည်း လိုင်ဇာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိနေတာပါ။

မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရချိန် သားသမီး ငါးယောက် ဆုံးရှုံးခဲ့ရတဲ့ ဒေါ်ရွယ်ဂျီကလည်း ကလေးတွေ ရုတ်တရက်သေဆုံးခဲ့ရတဲ့အဖြစ်အပျက်ကို သူ့စိတ်ထဲမှာ အခုထိ လက်မခံနိုင်သေးဘူးလို့ ပြောပါတယ်။

"တစ်ခါတလေ ကလေးတွေကို သတိရလာရင် ရွာထဲမှာ စာတွေသွားလုပ်နေတာလား၊ ဘယ်အချိန်ပြန်လာမလဲ၊ ရွာလည်တာပဲဖြစ်မှာပါဆိုပြီးပဲ စိတ်ထဲတွေးမိနေတယ်။ မပြန်သေးတာနေမယ်ဆိုပြီးပဲ စိတ်ထဲထင်နေတာ။ ပြီးတော့ သြော် ကျွန်မကလေးတွေ မရှိတော့ဘူး၊ သေသွားကြပြီပဲဆိုပြီး ပြန်တွေးယူရတယ်။ အခုက စကား နည်းနည်း မာမာပြောလာရင်တော့ လန့်ပြီး ရင်တုန်သွားလို့ နေလို့မကောင်းတော့တာတွေ ဖြစ်သွားတယ်။ စိတ်ထဲမှာ မယုံတော့သလိုဖြစ်သွားတယ်။ ညလည်း ကလေးတွေ အကြောင်းပဲတွေးပြီး အိပ်လည်းမပျော်ဘူး။ ညတိုင်း မအိပ်ဘဲ ဒီတိုင်းပဲနေနေတာ"

ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ မိုင်ဆပ်ပါကျေးရွာဘက်မှာ တောင်ယာလုပ်နေလို့ အသက်ရှင်ခဲ့တာလို့ ဆိုပါတယ်။ မုန်လိုင်ခက် ကျေးရွာမှာ လက်နက်ကြီးတွေ မကြာခဏ ကျတတ်တဲ့အတွက် အခြားတစ်နေရာကို ပြောင်းရွှေ့ဖို့ စီစဉ်ထားကြပေမယ့် ကလေးတွေက ကျောင်းတစ်ဖက်နဲ့မို့ ပြောင်းရွှေ့ဖို့ ကြန့်ကြာနေရာကနေ သားသမီးငါးဦးလုံး ဆုံးရှုံးခဲ့ရတာလို့ပြောပါတယ်။

မုန်လိုင်ခက်စခန်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရတဲ့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေဟာ ဝေကြိုင်စခန်းက ဆန်ဂိုဒေါင်၊ ကလေး ကစားကွင်းနဲ့ ခန်းမဆောင်တွေက သမံတလင်းပေါ်မှာ စုပြုံနေထိုင်ကြပြီး စားသောက်ကိုလည်း စုပေါင်းချက်စားနေကြတာပါ။

နေရာကျဉ်းတဲ့အတွက် ဒုက္ခသည်တွေရဲ့ ကျန်းမာရေးအတွက်ပါ စိုးရိမ်နေရတယ်လို့ ဝေကြိုင် စစ်ဘေးဒုက္ခသည် စခန်းက ဒုတိယ စခန်းတာဝန်ခံ ဦးဆင်ယောင်က ပြောပါတယ်။

"တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူဘူး။ တချို့ကတော့ စိတ်ဖြေလို့ရတာပေါ့။ တချို့ အသက်ကြီးတဲ့သူတွေက သူတို့ စိတ်ထဲမှာ အကြောင်းစုံကြောင့်ပေါ့ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေက ရှိသေးတယ်။ ဒီမှာက ကျွန်တော်တို့ နည်းနည်းစိတ်ပူတာက နေရာကျပ်တော့ ကျွန်တော်တို့ မမြင်နိုင်တဲ့ ကူးစက်ရောဂါတွေ ဖြစ်လာမှာလည်း စိုးရိမ်တယ်။ တုတ်ကွေးလည်းဖြစ်တော့ အဲလိုမျိုး ကူးစက်မှာကို စိုးရိမ်နေတာ"

ဒုက္ခသည်တွေရဲ့ စားနပ်ရိက္ခာအတွက် KIO နဲ့ အလှူရှင်တွေ ကူညီပေးထားပြီး ကေအိုင်အိုကတော့ အခြား တစ်နေရာကို ပြောင်းရွှေ့နေရာချဖို့ စီစဉ်နေတယ်လို့လည်း သူကပြောပါတယ်။

"အခုဒီမှာနေတာလည်း လုံခြုံတယ်လို့ မခံစားရဘူး တစ်ခါကြုံဖူးတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြန်ဖြစ်လာမယ်လို့ပဲ ထင်နေတာ။ စိတ်ထဲမှာ အဲလိုပဲခံစားနေရတယ်"

မိမိတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြရဆဲဖြစ်တယ်လို့ အသက် ၇၀ အရွယ် စစ်ဘေးဒုက္ခသည် ဒေါ်လဇွမ်ခေါန်ထန်က RFA ကိုပြောပါတယ်။

"ဒုန်းဆိုတဲ့အသံကြားရင်လည်း အခုထိလည်း လန့်နေဆဲပဲ တစ်ခါကြုံဖူးပြီဆိုတော့။ ဘေးနားက လူတွေက အသံတစ်ခုခုကြားရင်တောင်မှ ဘာဖြစ်တာလဲဆိုပြီး လန့်လန့်နေတယ်။ အခုတောင် နည်းနည်းသက်သာလာပြီ။ စစဖြစ်တုန်းကဆိုရင် သွပ်သံတွေပဲကြားရင်တောင် လန့်တာ။ ဘာပဲကြားကြား ကားသံပဲကြားရင်တောင် လန့်တာ။ အခုက သေနတ်သံတွေကြားရင်တော့ စိတ်ထဲမှာ ဘယ်ချိန် ဘာပြန်ဖြစ်လာမလဲဆိုပြီး လန့်နေရတယ်။ အခုဒီမှာနေတာလည်း လုံခြုံတယ်လို့ မခံစားရဘူး တစ်ခါကြုံဖူးတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြန်ဖြစ်လာမယ်လို့ပဲ ထင်နေတာ။ စိတ်ထဲမှာ အဲလိုပဲခံစားနေရတယ်။ အဲဒါကြောင့် ဘယ်မှာနေမှ လုံခြုံမယ်ဆိုတာကို မပြောတတ်တော့ဘူး"

အခုရောက်ရှိနေတဲ့ ဝေကြိုင်စစ်ဘေးဒုက္ခသည်မှာလည်း သေနတ်သံတွေနဲ့ လက်နက်ကြီးသံတွေ ကြားရင် စခန်းကနေ ပြေးထွက်ပြီး အခြားလုံခြုံမဲ့နေရာတွေမှာ ညလုံးပေါင်း ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေတယ်လို့ သူကပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ညက မုန်လိုင်ခက် တိုက်ခိုက်မှုဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ယမ်းတိုက်ပေါက်ကွဲတာလို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။ ဒါပေမဲ့ KIA ကတော့ အဲဒီနေရာမှာ လက်နက်ခဲယမ်းတွေမရှိဘဲ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုသာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။