ပူတာအိုဒေသမှာ ဆေးမြစ်ရှာရင်းလူသေဆုံးမှု နှစ်စဉ်ရှိနေ
2023.09.11

ဒီနေ့ခေတ်မှာ လူတွေဟာ ကျန်းမာရေးအတွက် ခေတ်မီသိပ္ပံဆေးဝါးအမျိုးမျိုး သုံးနေကြပေမယ့် အရင်ကတည်းက အသုံးပြုလာတဲ့ သဘာဝဆေးမြစ်တွေကိုလည်း နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေကြသေးသလို၊ ရှားပါးဆေးမြစ်တွေ စျေးကောင်းရနေဆဲ လည်း ဖြစ်ပါတယ်။
သဘာဝဆေးမြစ်တွေ ဈေးကောင်းရနေတာကြောင့် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ထဲက အမြင့်ပေ တစ်သောင်းကျော်ရှိတဲ့ ရေခဲတောင်တွေနဲ့ တောနက်တွေမှာ အသက်နဲ့ရင်းပြီး ဆေးမြစ်ရှာဖွေသူတွေလည်း အတော်များများ ရှိနေပါတယ်။
အဲဒီလိုဆေးမြစ်ရှာဖွေရင်း သေဆုံးရတာ တစ်နှစ်ကို လူနှစ်ဆယ်ထက်မနည်းရှိတယ်လို့ ဆေးမြစ်ရှာတဲ့သူတွေက RFA ကိုပြောပါတယ်။
ပူတာအိုမြို့နယ် ဂျူပလီရွာက အသက် ၄၀ အရွယ် ဒေါ်ဂီဆာနာရဲ့ခင်ပွန်းဟာ ၂၀၂၂ ခုနှစ် ၉ လပိုင်း က ဘေချီဥဆေးမြစ်ရှာဖွေရင်း တောင်ပေါ်ကနေပြုတ်ကျသေဆုံးခဲ့ပါတယ်။
အဲဒီနောက်တော့ ဒေါ်ဂီဆာနာဟာ အရွယ်မရောက်သေးတဲ့ ကလေးရှစ်ယောက်နဲ့ ယောက်ခမတွေကိုပါ ရှာဖွေကျွေးမွေးနေရပါတော့တယ်။ ဒါကြောင့် ဒုတိယမြောက် သမီးကို ရန်ကုန်က မိဘမဲ့ဂေဟာကို ပို့ထားရသလို ကျန်တဲ့ကလေးတွေကိုလည်း ပြည့်ပြည့်ဝဝ မထောက်ပံ့နိုင်ဘူးလို့ ဒေါ်ဂီဆာနာက RFA ကိုပြောပါတယ်။
"သူ့ကိုလည်း ကျောင်းလည်း မထောက်နိုင်လို့လေ။ ကျောင်းမှာလည်း ဆရာမ မရှိလို့ ရွာကနေပဲ ငှားထားရင်တော့ ပိုက်ဆံပေးရတယ်။ တစ်လမှာ နှစ်ထောင်ကောက်လို့ ငါက ရှစ်ယောက်ဆိုတော့ မတတ်နိုင်လို့ ထည့်လိုက်တာ။ သူလည်း မသွားချင်ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ဒီမှာ အမေလည်း မတတ်နိုင်ဘူးဆိုပြီး သူလည်း သွားလိုက်တာ။ ပိုက်ဆံလည်း ငါတစ်ယောက်ထဲဆိုတော့ ရှာလည်းမရဘူး။ သူတို့ ကျောင်းသွားရင်လည်း သူများတွေက အသစ်ဝယ်ပေးတယ်တဲ့၊ အမေက မဝယ်ပေးဘူးလို့ ပြောတယ်။ သူတို့ကိုလည်း သနားတယ်"
ပူတာအိုက ဒေသခံတွေဟာ အမြင့်ပေ တစ်သောင်းကျော်ရှိတဲ့ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ၊ ဖန်ဂရမ်ရာဇီ၊ မဒွယ်ရာဇီ စတဲ့ ရေခဲတောင်တွေကို အမှီပြုပြီး နှစ်စဉ် ရာသီအလိုက် ရှီးပဒီး၊ ဘေချီဥ၊ မချစ်ဥ၊ ခန်းတောက်မြစ် စတဲ့ ဆေးမြစ်အမျိုးမျိုးကို တောင်ပေါ်မှာ လနဲ့ချီနေပြီး ရှာဖွေကြတာပါ။
ရှီးပဒီးနဲ့ ဘေချီဥကိုတော့ တရုတ်နိုင်ငံက အဓိကဝယ်ယူနေတာဖြစ်ပြီး ဒီနှစ်မှာ ရှီးပဒီး တစ်ပိသာကို ကျပ်ငွေ သိန်းငါးရာနီးပါး ပေါက်စျေးရှိနေပါတယ်။ ဘေချီဥ တစ်ပိဿာ ကိုတော့ ဆယ်သိန်းဝန်ကျင် ဈေးပေါက်နေတယ်လို့ ဆေးမြစ်ရှာတဲ့သူတွေက ပြောပါတယ်။
ရှီးပဒီးကို ရေခဲတောင်ထိပ်မှာ ရေခဲအရည်ပျော်ကျချိန် မြေတွေကို တူးဆွပြီး ရှာဖွေရတာဖြစ်သလို ဘေချီဥကိုတော့ ရေခဲတောင်ရဲ့အောက်ဘက် ကျောက်တောင် ကမ်းပါးတွေမှာ သက်စွန့်စံဖျား ရှာဖွေရတာပါ။
ဒီနှစ် ရှီးပဒီးရှာတဲ့ရာသီဖြစ်တဲ့ မေလကနေ ဇူလိုင်လအထိ ရေခဲတောင်ပေါ်က လေဖိအားဒဏ်မခံနိုင်လို့ အမောဖောက်သေဆုံးတဲ့သူ သုံးယောက်အထက် ရှိနေပြီလို့ အထက်ဆန်ဂေါင်ရွာခံ ဆေးမြစ်ရှာတဲ့သူ ကိုဆင်ချန်းဆင်က ပြောပါတယ်။
"မိုးရွာတဲ့အချိန်၊ စခန်းချတဲ့အချိန် ပိုခက်ခဲတယ်။ အေးလို့ လက်တွေထုံတယ်၊ လက်က အလုပ်မလုပ်ဘူး၊ ထုံလို့လေနော်၊ အားစိုက်လို့မရဘူး။ အဲဒါလည်း အခက်အခဲရှိတယ်။ ပြီးရင် ထင်းထမ်းရတာ မဒွယ်မော်မှာဆိုရင် တစ်ရက်မှာ တစ်ခေါက်ပဲ ပို့လို့ရတယ်။ တောင်ခြေကနေ ရေခဲအထိ ခက်ခက်ခဲခဲ ထမ်းရတယ်။ ဒီထင်းထမ်းရတဲ့ အချိန်မှာ အရမ်းမြင့်လို့ အောက်စီဂျင်နည်းလို့ အသက်ရှူကျပ်တာ ရှိတယ်။ ပြီးရင် ရေခဲပေါ်မှာ လျှောက်လို့ ရေခဲကျွန်တာ ရှိတယ်။ ပြီးရင် နေပူတဲ့အချိန်မှာ ရေခဲနဲ့ မျက်နှာလောင်တာ လည်း တအား ခက်ခဲတယ်။ ဒုက္ခရောက်တာပေါ့"
သိန်းရာနဲ့ချီ ဈေးပေါက်နေလို့ ရှာတဲ့သူများတာနဲ့ အခက်အခဲတွေကြောင့် တစ်နှစ်အတွက် လူတစ်ယောက်ကို သိန်း ၃၀ ဖိုးလောက်ပဲရှာလို့ ရကြသလို တချို့ဆို အဲဒီထက်နည်းနည်းပဲ ရကြတယ်လို့ ကိုဆင်ချန်းဆင်က ဆိုပါတယ်။
ဘေချီဥဆေးမြစ်ကိုတော့ ဩဂုတ်လကနေ အောက်တိုဘာလအတွင်းမှာ ရှာဖွေကြတာ ဖြစ်ပါတယ်။
ဆေးမြစ်ရှာရင်း သေဆုံးမှုအများဆုံးအချိန်ဟာ ဘေချီဥရှာတဲ့အချိန်ဖြစ်ပြီး အန္တရာယ် ရှိပေမယ့်လည်း ဝမ်းရေးအတွက် သတိထားပြီးလုပ်နေရတယ်လို့ အထက်ဆန်ဂေါင်ရွာခံ ကိုဆင်ချန်းဇိန်က RFA ကို ပြောပါတယ်
"ဆုံးတာက အများပိုင်းက ဘေချီရှာတဲ့ သူတွေပေါ့။ ဘေချီကတော့ ကျောက်ကမ်းပါး တွေ၊ တောင်စောင်းတွေမှာ ရှာရတယ်။ ပြီးတော့ ဘေချီရှာတဲ့အချိန်က မိုး တအား များတယ်။ အပင်တွေလည်း တအားချောတော့ ကိုယ်က ခြေချောလက်ချောပြီးဆိုတော့ ဖမ်းရတာလည်း ခက်တယ်။ အဲတော့ ဘေချီရှာတဲ့အချိန်က ဆုံးတာများတယ်။ အများအားဖြင့် ပြုတ်ကျပြီး ဆုံးတဲ့သူတွေပေါ့"
ပူတာအိုဒေသမှာ ဆေးမြစ်ရှာအလုပ်ကလွဲပြီး တခြားအလုပ်ကိုင်အခွင့်အလမ်း မရှိတာကြောင့် အန္တရာယ်ရှိပေမယ့် ဒီအလုပ်နဲ့ပဲအသက်မွေးဝမ်းကြောင်း ပြုနေရတယ်လို့ ပရဟိတသမား ကိုဆန်လုရမ်ဆိန်းက RFA ကို ပြောပါတယ်။
"အခုက အလုပ်လည်း ရှားပါးလာတယ်။ တခြား အလုပ်လည်းမရှိဘူး။ နိုင်ငံရေးတွေ ရှုပ်ထွေးတဲ့အချိန်မှာဆိုရင် တခြားလုပ်စရာလည်း မရှိတော့ဘူး"
"သူတို့က ဘိုးဘေးခေတ်ကတည်းကနေ ဆေးမြစ်ရှာဖွေပြီး အသက်မွေးဝမ်းကြောင်း ပြုတဲ့သူ များတယ်ဆိုတော့။ ပြီးတော့ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ အခုက အလုပ်လည်း ရှားပါးလာတယ်။ တခြား အလုပ်လည်းမရှိဘူး။ နိုင်ငံရေးတွေ ရှုပ်ထွေးတဲ့အချိန်မှာဆိုရင် တခြားလုပ်စရာလည်း မရှိတော့ဘူး"
ပူတာအိုဒေသမှာ အရှေ့တောင်အာရှရဲ့အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ ခါကာဘိုရာဇီရှိပါတယ်။ အရင်ကတော့ ဒေသခံအများစုဟာ ရေခဲတောင်တွေကို အမှီပြုထားတဲ့ ခရီးသွားလုပ်ငန်းတွေ၊ ဆေးမြစ်တွေ၊ ရှာဖွေရောင်းချတာနဲ့ အသက်မွေးကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ခရီးသွားလုပ်ငန်းတွေလည်း အရင်ကလို အဆင်မပြေတော့ လို့ အလုပ်ကိုင်အခွင့်လမ်းလည်း ပိုပြီး နည်းပါးနေပါတယ်။ ဒါကြောင့် ဒေသခံအများစုက အသက်နဲ့ ရင်းပြီး အန္တရာယ်ရှိတဲ့ဆေးမြစ်ရှာတဲ့အလုပ်ကိုပဲ ဆက်ပြီးလုပ်ကိုင်နေရတာဖြစ်ပါတယ်။