မသန်စွမ်းပေမဲ့ မိဘနှစ်ပါးကို ကုန်ထမ်းပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ ကိုဖိုးထူး

RFA Burmese
2024.03.24
မသန်စွမ်းပေမဲ့ မိဘနှစ်ပါးကို ကုန်ထမ်းပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ ကိုဖိုးထူး ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ကုန်တင်ကုန်ချ လုပ်ကိုင်နေသူ ကိုဖိုးထူး။
Photo: RFA

"ကျွန်တော့်မှာ အမေမွေးကတည်းက အမေပေးလိုက်တဲ့ ခြေတွေလက်တွေရှိတယ်။ ကျွန်တော် အားမငယ်ဘူး။ ခိုးလည်း မစားဘူး။ နှိုက်လည်း မစားဘူး။ ကျွန်တော့်မိဘနှစ်ပါးက ခိုးစားဖို့လည်း သင်မပေးဘူး။ တိုက်စားဖို့လည်း သင်ပေးမထားဘူး။ ကျွန်တော်ကျွမ်းကျင်တဲ့ ပခုံးထမ်းတဲ့ အလုပ်နဲ့ မိဘနှစ်ပါးကို ရှာကျွေးတယ်။ ကျေးဇူးဆပ်ပါတယ်ဗျ"

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကျုံစုကျေးရွာက အိမ်ခြေ ၃၁၄ လုံးတန်းမှာ မိအိုဖအိုတွေနဲ့အတူ အိမ်ငှားနေတဲ့ အသက် ၄၅ နှစ်အရွယ် မသန်စွမ်း ကိုဖိုးထူးက ပြောပြနေတာပါ။

ကိုဖိုးထူးတို့မိသားစုဟာ နာဂစ်မုန်တိုင်းကြောင့် တစ်မြို့နယ်လုံး ပျက်စီးသွားခဲ့ရတဲ့ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့နယ်ကနေ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့တာ ခုနစ်နှစ်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။

ဆွေမျိုးအပေါင်းအသင်းမရှိတဲ့ ရန်ကုန်မှာ အသက်ရှင်ဖို့အတွက် ရေကြည်ရာမြက်နုရာရှာရင်း ရန်ကုန်က လှိုင်သာယာကိုရောက်လာခဲ့ကြတာလို့ပြောပါတယ်။

"အမေက မျက်စိ မမြင်ဘူး။ အဖေက နားမကြားဘူး။ သားလေးက လက်တွေ ခြေတွေ မရှိပေမဲ့ ရှိသလိုပဲ အမေတို့ အဖေတို့ကို ပြုစုစောင့်ရှောက်ကျွေးနေတာ"

ကိုဖိုးထူးက အလုပ်မသွားခင် မိအိုဖအိုတွေအတွက် ချက်ပြုတ်ထားခဲ့ပြီးမှ အလုပ်သွားတာလို့လည်းပြောပါတယ်။ ကိုဖိုးထူးရဲ့တစ်ဦးထဲသောညီမဖြစ်သူ အသက် ၄၁ နှစ်အရွယ် မမာမာဌေးကလည်း သူ့အစ်ကိုအတွက်ဂုဏ်ယူသလို သူ့အတွက်လည်း အားကိုးရတဲ့အစ်ကိုတစ်ယောက်ဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်မအစ်ကိုက ခြေလက်အင်္ဂါမစုံပေမဲ့ မိဘတွေကို ရှာကျွေးနိုင်တာကြောင့် ညီမတစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်၊ မိဘတွေအတွက်ကော သူ့အတွက်ကော ယောင်္ကျားလေးတစ်ယောက်အနေနဲ့ မားမားရပ်တည်ပေးတာကြာင့် အားကိုးရပါတယ်"

ကိုဖိုးထူးဟာ သူ့ဘဝရပ်တည်ဖို့နဲ့ အိုမင်းမစွမ်းမိဘတွေကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့အတွက် သူ့အိမ်နဲ့နီးတဲ့ လှိုင်သာယာစက်မှုဇုန်ထဲက စက်ရုံ၊ အလုပ်ရုံတွေကို အလုပ်လိုက်လျှောက်တာ ခြေလက်အင်္ဂါမစုံတဲ့အတွက် အလုပ်လုပ်ခွင့်မရခဲ့တာတွေ အများကြီးကြုံခဲ့ရတယ်လို့ပြောပါတယ်။

မိဘနှစ်ပါးကို ကျွေးမွေးရန် မီးဖိုချောင်ထဲတွင် ချက်ပြုတ်ပြင်ဆင်နေသည့် ကိုဖိုးထူး။ (Photo: RFA)
မိဘနှစ်ပါးကို ကျွေးမွေးရန် မီးဖိုချောင်ထဲတွင် ချက်ပြုတ်ပြင်ဆင်နေသည့် ကိုဖိုးထူး။ (Photo: RFA)

အခုနောက်ဆုံးအလုပ်ရတဲ့ ကုန်တင်၊ ကုန်ချလုပ်ငန်းမှာတော့ ကိုဖိုးထူးဟာ အင်္ဂါမစုံတာကလွဲရင် ခြေလက်ကောင်းတဲ့သူတွေနဲ့ယှဉ်ပြီး အလုပ်လုပ်နိုင်တဲ့သူဖြစ်တယ်လို့ အဲဒီအလုပ်ရဲ့ခေါင်းဆောင်ဖြစ်သူ ဦးမြင့်ဌေးကပြောပါတယ်။

"လုပ်ငန်းခွင်ထဲက အလုပ်လုပ်တဲ့နေရာမှာ သူက ခြေလက်ကောင်းတဲ့သူတွေနဲ့ ယှဉ်ပြီး အလုပ်လုပ်နိုင်ပါတယ်။ သူက အင်္ဂါမစုံတာပဲရှိပါတယ်။ ဒီကုန်ထမ်းတဲ့အလုပ်ပေါ်မှာ ပြီးစီးအောင် ပြည့်စုံအောင်လုပ်နိုင်ပါတယ်"

ကိုဖိုးထူးအနေနဲ့ မိဘတွေကို ကိုယ်ပိုင်အိမ်လေးနဲ့ ထားချင်တဲ့ ဆန္ဒရှိလို့ အလုပ်ကိုကြိုးစားလုပ်နေတယ်လို့ဆိုပါတယ်။

"ကျွန်တော်ကိုယ်တိုင်ကလည်း ခြေလက်အင်္ဂါမပြည့်စုံဘူး။ မိဘနှစ်ပါးကလည်း အသက် ၈၀ ကျော်နေပြီဖြစ်တဲ့အတွက် အိမ်ပြောင်းအိမ်ရွှေ့ဆိုရင် အရမ်းခက်ခဲရပါတယ်။ မိဘနှစ်ပါး မသေခင်အချိန်လေးမှာ ကိုယ်ပိုင်အိမ်လေးနဲ့ထားနိုင်အောင် ကျွန်တော်လုပ်နိုင်တဲ့ ပခုံးထမ်းအလုပ်နဲ့ ကြိုးစားနေပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။