ကိုယ်အင်္ဂါမသန်စွမ်းပေမယ့် စိတ်ဓာတ်သန်စွမ်းတဲ့ စေတနာ့ဆရာ
2023.07.31

မနက်ဝေလီဝေလင်းအချိန်မှာ အသက် ၃၀ အရွယ် ကိုကျော်ထူးတစ်ယောက် အိမ်ရဲ့တစ်နေ့တာ ဝေယျာဝစ္စတွေ လုပ်ဖို့စနေပါပြီ။ သူကမွေးရာပါ ခြေတစ်ဖက်၊ လက်နှစ်ဖက် မသန်စွမ်းတစ်ယောက်ပါ။
မနက်ဆိုရင် ဒါတွေက သူပုံမှန်လုပ်နေကျ အလုပ်တွေပါပဲ။ ပြီးရင် တူ၊ တူမနှစ်ဦး ကျောင်းသွားဖို့အတွက်ကိုပါ သူပဲပြင်ဆင်ပေးနေပါတယ်။
ကိုကျော်ထူးဟာ သူ ၁၁ နှစ်အရွယ်မှာ အမေဆုံးသွားသလို ၁၆ နှစ်အရွယ်မှာ အဖေဆုံးသွားခဲ့ပါတယ်။ ညီမနှစ်ယောက်ရှိပေမယ့် သူတို့လည်း သူ့ဘဝနဲ့သူ ရုန်းကန်နေကြရပါတယ်။ ဒါကြောင့် ကိုကျော်ထူး တစ်ယောက် ရန်ကုန်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၅၅ ရပ်ကွက်၊ အောင်မင်္ဂလာလမ်းမှာရှိတဲ့ အစ်မဝမ်းကွဲရဲ့ အိမ်မှာ နေနေတာပါ။
"ဆရာက သူများတွေလိုမျိုး ကိုယ်လက်အင်္ဂါ မပြည့်စုံဘူးပေါ့နော်။ ဒါပေမဲ့ ဆရာ စာသင်တာတော်တယ်”
သူဟာ အိမ်ရဲ့ဝေယျာဝစ္စတွေ ဝိုင်းကူလုပ်ပေးသလို၊ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာတော့ ရပ်ကွက်ထဲက သူငယ်တန်းကနေ ရှစ်တန်းအထိ ကျောင်းသား ၃၃ ယောက်ကို အတန်းခွဲပြီး စာသင်ပေးပါတယ်။
ကိုကျော်ထူး (စေတနာ့ဆရာ)။ ။ “ကိုယ့်ကိုယ်ကိုယ် Strong ဖြစ်အောင်နေတယ်။ ကိုယ့်ကိုယ်ကိုယ် ငါမသန်စွမ်းဘူးလို့ တွေးလိုက်တိုင်း ပတ်ဝန်းကျင်က ရိုက်ခတ်မှု တွေလာလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် အဲလိုလုံးဝမတွေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါဒီဟာ လုပ်နိုင်တယ်။ ငါကလေးတွေကို စာဘယ်လိုသင်ရမယ်။ ဘယ်လိုပုံစံမျိုးနဲ့ သင်ရမယ်ဆိုတဲ့ အတွေးနဲ့ပဲ သင်ပေးတယ်”
သူက စေတနာနဲ့ အခမဲ့သင်ပေးနေပေမယ့် နောက်ပိုင်းမှာတော့ ကျောင်းသားမိဘတွေက သူ့ကို တစ်လ ခြောက်ထောင်၊ ခုနစ်ထောင် (ကျပ် ၆၀၀၀၊ ၇၀၀၀) ထောက်ပံ့တယ်လို့ ဆိုပါတယ်။ အဲဒီငွေတွေကိုလည်း ကလေးတွေအတွက်လိုတဲ့ စာအုပ်နဲ့ စာရေး ကိရိယာပစ္စည်းတွေဝယ်ဖို့ ပြန်သုံးတယ်လို့ သူက ပြောပါတယ်။
ကိုကျော်ထူး အခုလို စာသင်နေတာ တစ်နှစ်ကျော်ပဲရှိပါသေးတယ်။ ဒီလိုမျိုး အခမဲ့ စာသင်ပေးတာဟာ ဆင်းရဲတဲ့ မိသားစုတွေအတွက် အများကြီးအထောက်အကူဖြစ်တယ်လို့ ကျောင်းသားမိဘတစ်ယောက်ဖြစ်တဲ့ ဒေါ်သန်းသန်းချိုက ပြောပါတယ်။
ဒေါ်သန်းသန်းချို (ကျောင်းသားမိဘ)။ ။ “နွမ်းပါးနေတဲ့ ကလေးတွေကို သူက ပိုက်ဆံမယူ၊ ဘာမယူဘဲ စေတနာ၊ မေတ္တာနဲ့ လုပ်ပေးကိုင်ပေးတယ်ပေါ့။ သူက ကလေးတွေကို သူ့လိုပဲ ပညာတတ်စေချင်တယ်။ ဒီလိုမျိုးတွေပါ ကျန်တဲ့အရာတော့ မရှိဘူး။ ကိုယ့်ရပ်ကွက်ကလည်း မရှိဆင်းရဲသားရပ်ကွက်ဆိုတော့ ထောက်ပံ့ပေးတာပေါ့။ သူတတ်တဲ့ ပညာလေးနဲ့။ တစ်ဖက်တစ်လမ်းကနေ။ မရှိဆင်းရဲသားတွေကို သူက ပံ့ပိုးပေးတယ်ပေါ့”
ကိုကျော်ထူးရဲ့ တပည့်လေးတွေကလည်း သူတို့ ဆရာဟာ စာသင်တော်တယ်လို့ ပြောကြပါတယ်။
မအိချယ်ရီ (အဋ္ဌမတန်းကျောင်းသူ)။ ။ “အဲလိုမျိုးပေါ့ ဆရာကို မသန်စွမ်းဆိုပြီး ကြားပဲ ကြားဖူးတာ။ အခုတော့ မျက်မြင်ကိုယ်တွေ့ပေါ့နော်။ အခု ဆရာက သူများတွေလိုမျိုး ကိုယ်လက်အင်္ဂါ မပြည့်စုံဘူးပေါ့နော်။ ဒါပေမဲ့ ဆရာ စာသင်တာတော်တယ်”
မောင်မင်းနိုင်ထွန်း (အဋ္ဌမတန်းကျောင်းသား)။ ။“သင်္ချာတွေလည်း နားမလည်တာ ရှင်းပြတယ်။ အင်္ဂလိပ်စာဆိုရင်လည်း အဲလိုမျိုး စာတွေများရင် သေချာရှင်းပြတယ်။ ဆရာက စာသင်တာလည်း ကောင်းတယ်။ စာပြတာကလည်း ပိုက်ဆံနည်းနည်းနဲ့ပဲ။ ဆရာက မသန်စွမ်းတစ်ယောက်ဖြစ်ပေမယ့် သဘောထားကောင်းပြီး အကုန်လုပ်နိုင်တယ်”
ကိုကျော်ထူးဟာ အရင်က ကုမ္ပဏီတစ်ခုမှာ အင်တာနက်ဝဘ်ဆိုက် ဖန်တီးတည်ဆောက် ပေးတဲ့ Web Master လုပ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ထွက်လိုက် ရတယ်လို့ ဆိုပါတယ်။
ကလေးတွေကို အခမဲ့စာသင်ပေးတဲ့အတွက် စာနာတဲ့သူတချို့က ကိုကျော်ထူးကို ကွန်ပျူတာနှစ်လုံးလှူလို့ သူ့မှာရှိတဲ့ ကွန်ပျူတာတစ်လုံးနဲ့ပေါင်းပြီး နွေရာသီ ကွန်ပျူတာ သင်တန်းလည်း ဖွင့်တယ်လို့ဆိုပါတယ်။
ကွန်ပျူတာသင်တန်းကိုတော့ ကလေးတွေဆိုရင် အခမဲ့သင်ပေးပြီး လူကြီးပိုင်းတွေ ဆိုရင်တော့ တစ်ယောက်ကို (ကျပ်) တစ်သောင်းခွဲနဲ့ သင်ပေးတယ်လို့ ပြောပါတယ်။ သူ့မှာ အလှူရှင်ပေးထားတဲ့ ပရင်တာစက်အသေးတစ်လုံးလည်းရှိလို့ ဒီကနေပြီး မိတ္ထူကူးခ တစ်ရက် ကျပ်လေး၊ ငါးရာလည်း ရတတ်တယ်လို့ ပြောပါတယ်။
သူ့ရဲ့အစ်မဝမ်းကွဲက အသက် ၃၇ နှစ်အရွယ် ဒေါ်သင်းသင်းခိုင်ပါ။ ကိုကျော်ထူးဟာ မသန်စွမ်း တစ်ယောက်ဖြစ်ပေမယ့် အိမ်မှာလူပိုဖြစ်မနေဘဲ အားကိုးရတယ်လို့ ပြောပါတယ်။
ဒေါ်သင်းသင်းခိုင် (ကိုကျော်ထူး၏ အစ်မဝမ်းကွဲ)။ ။“မသန်စွမ်းဖြစ်ပေမယ့် သူက အားကိုးရတယ်ပေါ့နော်။ အိမ်မှာ သူများအငြိုအငြင်မခံရအောင် နေတတ်၊ စားတတ်တယ်။ လူကောင်းတစ်ယောက်ထက်တောင် သာသေးတယ်။ အားကိုးရတယ်။ အိမ်မှာ ကလေးတွေအတွက် ချက်တာ၊ ပြုတ်တာ၊ လျှော်တာ၊ ဖွပ်တာကအစ၊ မီးပူတိုက်တာ အဆုံးထိ အကုန်အားကိုးရတယ်”
သူ့ကို မွေးစမှာစွန့်ပစ်လိုက်ဖို့ သူ့မိဘတွေကို အိမ်နီးချင်းတချို့ကပြောပေမယ့် သူ့မိဘတွေက ဂရုမစိုက်ဘဲ ပြုစုစောင့်ရှောက်ပေးခဲ့တာလို့သူကပြောပါတယ်။ သူ့မိဘတွေ ရှေ့ဆင့်၊ နောက်ဆင့်ဆုံးသွားတဲ့ အချိန်တုန်းက တော့ သူ့ အတွက်အခက်ခဲဆုံးနဲ့ ဝမ်းအနည်းဆုံးအချိန်ဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ စဉ်းစားခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။
ဒါပေမဲ့ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကပဲ သူ့စိတ်ကို မာကြောအောင်ကုစားပေးသွား တာကြောင့် အခုချိန်မှာတော့ အရာရာကိုရင်ဆိုင်ဖို့ သတ္တိတွေရှိနေပြီလို့ သူက ပြောပါတယ်။
ကိုကျော်ထူး (စေတနာ့ဆရာ)။ ။ “ကိုယ့်ကိုယ်ကိုယ် အရှုံးပေးပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲလေ။ အဲတော့ ကျွန်တော် လုံးဝ အရှုံးမပေးဘူး။ ဘဝကို အရှုံးမပေးဘူး။ အရှုံးပေးရင် ထမင်းငတ်သွားလိမ့်မယ်။ ငါအရှုံးပေးပြီလို့ ပြောတဲ့ နေ့ ကတော့ ကိုယ့်ကိုယ်ကိုယ် ဘဝဆုံးတဲ့နေ့ပဲလို့ ကျွန်တော်က သတ်မှတ်ထား တယ်။ ဒါပေမဲ့ ကျွန်တော် အသက်ရှင် သရွေ့ ဘဝကို ဘယ်တော့မှ အရှုံးမပေးဘူး။ ဘဝကို လာသမျှ တိုက်ခိုက်နေမှာပဲ”
ကိုကျော်ထူးတစ်ယောက် ကလေးတွေကို အခုလို ပရဟိတ စာသင်ပေးနေတာကို ပတ်ဝန်းကျင်က အားရကျေနပ်နေကြပါတယ်။
ဦးကျော်မြင့်ထွန်း (အိမ်နီးချင်း)။ ။“မသန်စွမ်းတွေကတော့ အများကြီးရှိတယ်လေ မြန်မာပြည်မှာက။ သူကိုလည်း နမူနာကြည့်ပြီးတော့လည်း လုပ်ကိုင်စားသောက်စေချင် တယ်ပေါ့။ အဲလိုမျိုးလေးတွေ ကြည့်ပြီးတာ့ ဗဟုသုတတွေရစေချင်တယ်။ ကိုယ်တတ်တဲ့ ပညာလေးနဲ့ တစ်ဖက်တစ်လမ်းကနေပြီးတော့ ပြန်ပြီးအကျိုးပြုတဲ့အတွက် အများပြည်သူ အတွက်လည်း အဆင်ပြေတယ်လေ။ အခု သူလုပ်နေတဲ့ အလုပ်ဆိုရင် ဒီအတိုင်းပဲပေါ့။ ပရဟိတလုပ်နေတဲ့အတွက် တော်ရုံတန်ရုံ မရှိတဲ့သူတွေအတွက် အဆင်ပြေကြတာပေါ့”
ကိုကျော်ထူးကတော့ အခုချိန်မှာ ကလေးတွေကို စာသင်ပေးဖို့အရေးပဲ စိတ်အားထက်သန် နေပါတော့တယ်။
ကိုကျော်ထူး (စေတနာ့ဆရာ)။ ။“မိသားစုနဲ့လည်း တည့်အောင်ပေါင်းတယ်။ ပတ်ဝန်းကျင်နဲ့လည်း တည့်အောင်ပေါင်းတယ်။ ဘယ်သူ၊ ဘယ်ဝါမှ ကျွန်တော့်ကို လက်ညှိုးထိုးပြီး မင်းကမတော်ဘူး၊ အသုံးမကျဘူးလို့ ဘယ်သူမှ ကျွန်တော့်ကို လာမပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လည်းသူများအပြောအဆို ခံရအောင်လည်း မနေဘူး။ ကိုယ့်စည်းနဲ့ ကိုယ်နေတယ်။ ကိုယ့်ရဲ့ကလေးတွေကို အကောင်းဆုံးဖြစ်အောင် သင်ပေးမယ်ဆိုတဲ့ အတွေးနဲ့ပဲ ကျွန်တော် ကြိုးစားနေတယ်”