တလုပ်မြို့မှာ အဖမ်းခံရတဲ့ ဗကသကျောင်းသား ကိုဇင်ကိုထွန်း သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တလုပ်မြို့ကျေးရွာမှာ မေလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း သေနတ်ဒဏ်ရာနဲ့ အဖမ်းခံခဲ့ရတဲ့ ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင်၊ မြင်းခြံနည်းပညာကောလိပ် ပထမနှစ် IT ကျောင်းသား ကိုဇင်ကိုထွန်း စစ်ကြောရေးမှာပဲ သေဆုံးသွားပါတယ်။
မေလ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ အလောင်းကိုလာယူဖို့ မိသားစုတွေထံ အကြောင်းကြားလာတယ်လို့ အမည်မဖော်လိုတဲ့ တလုပ်မြို့ ကျေးရွာပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ယောက်က RFA ကို အတည်ပြု ပြောပါတယ်။
မနေ့ကဖမ်းဆီးစဉ်က သေနတ်ဒဏ်ရာရထားသူတွေလည်းရှိတာကြောင့် သူတို့အတွက်လည်း စိုးရိမ်နေတယ် လို့ ဆိုပါတယ်။
မနေ့ မနက်အစော ၄ နာရီကျော်လောက်ကစတင်ပြီး ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ကျေးရွာ ပြည်သူ့ လုံခြုံရေးအဖွဲ့တွေရဲ့ တိုက်ပွဲအတွင်း တလုပ်မြို့ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသမီးတစ်ယောက် အပါအဝင် လူငယ်ကျောင်းသား ခြောက်ယောက် အဖမ်းခံခဲ့ရပြီး သေနတ်ဒဏ်ရာရထားသူတွေကို ဆေးကု မပေးဘဲ ရိုက်နှက်စစ်ဆေးရာကနေ အခုလို သေဆုံးသွားတာပါ။