ရွာငံက PDF တပ်စခန်းတွေကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေ

2022.04.20
ရွာငံက PDF တပ်စခန်းတွေကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေ ( ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ၊ နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားမှာ စစ်ကောင်စီက ပြသခဲ့တဲ့ စစ်သုံးတိုက်လေယာဉ်တွေ။)
Photo:AFP

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် နွားဘန်းကြီးရွာနားမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF စခန်းတွေကို စစ်ကောင်စီက ဒီနေ့မနက် ၇ နာရီလောက်ကစပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ နွားဘန်းကြီးရွာခံတွေက RFA ကို ပြောပါတယ်။

“စစ်ကား ၉ စီး မနက်အစောပိုင်းမှာ ရောက်လာတယ်၊ နောက် ၄ စီး ထပ်ရောက်လာပြီး ရွာမြောက်ဘက်က တောထဲကို ဆင်းသွားကြတာ၊မနက်ထဲက အခု ညနေပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ”လို့ ဒေသခံကပြောပါတယ်။

နွားဘန်းကြီးရွာမှာ အိမ်ခြေ (၉၂ဝ) ကျော်ရှိပြီး စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာတာကြောင့် ရွာသားသုံးရာလောက် နီးစပ်ရာကို ထွက်ပြေးနေကြတယ်လို့ ပြောပါတယ်။

“အများစုကအမျိုးသားတွေ ပြေးကြတာပေါ့၊ ရွာတွေထဲဝင်ဆွဲ မှာ စိုးရိမ်ကြလို့လေ။ မနက်က သူတို့ဝင်လာတဲ့အချိန် ရွာထဲက နေအိမ်တစ်လုံးလည်း ဖျက်ဆီးခံလိုက်ရတယ်” လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ နွားဘန်းကြီးရွာသား ကိုချိုက ပြောပါတယ်။

တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီဘက်က တိုက်လေယာဉ်တချို့ ကျေးရွာအနီးမှာ ပျံသန်းနေတာလည်း တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို RFA က မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

ရွာငံမြို့နယ်အတွင်းမှာ ရွာငံ ပြည်သူ့ကာကွယ်ရေးအဖွဲ့အပြင် ရွာငံမြို့ပြ ပျောက်ကျားတပ်ဖွဲ့ ၊တောင်ကြီးမြို့ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရှမ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၉ ရက်နေ့ကလည်း ရွာငံမြို့နယ် လွှစင်ရွာအနီးမှာ စစ်ကောင်စီခန့် မြို့နယ်ပညာရေးမှူးလိုက်လာတဲ့ ကားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

ရွာငံမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၂ဝကျော် ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

CDMမှာ ပါဝင်လို့ နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ အိမ်တွေလည်း ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။