ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာက လူငယ် တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

2021.10.31
ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာက လူငယ် တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာကို ၂၀၂၁ အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ယောက်သွားအိုင်ရွာကို အောက်တိုဘာ ၃၀ ရက် မနေ့က စစ်တပ်နဲ့ ပျူစောထီး တပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့ရာ လူငယ်တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား သုံးဆယ်လောက်က ယောက်သွားအိုင်ရွာကို ဝင်ရောက်စီးနင်း ရာမှာ အသက် ၂၁ နှစ်အရွယ် ကိုအောင်နိုင်ဦးဆိုသူ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူ့အလောင်းကို ရွာတောင်ဘက် ယာတောကြားမှာ ပြန်တွေ့တာ သေနတ်နဲ့ ပစ်သတ်ခံထားရတာ ရွာက အိမ်တွေကို ဖျက်ဆီးသွားတာလည်းရှိတယ်”

ယောက်သွားအိုင်ရွာထဲက နေအိမ်လေးလုံးကိုလည်း စစ်ကောင်စီတပ်သားတွေက ရိုက်ချိုးဖျက်ဆီးခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းကလည်း ခင်ဦးမြို့နယ် အင်းပက်ရွာကို စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေ ဝင်ရောက်စီးနင်းနေပြီး စစ်ကောင်စီ သတင်းပေးတွေက စာရင်းပေးထားတဲ့ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

လက်ရှိ အင်းပက်ရွာက နေအိမ် နှစ်လုံး မီးလောင်နေပြီး တစ်ရွာလုံးလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်တွေကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူ မနေ့ကတစ်ရက်တည်းမှာပဲ ခင်ဦးမြို့နယ်ထဲက မကျီးအုပ်ရွာကိုလည်း စစ်တပ်နဲ့ ပျူစောထီး အဖွဲ့တွေဝင်ရောက်စီးနင်းခဲ့ရာမှာ နေအိမ်အလုံး ငါးဆယ်ကျော်ကို မွှေနှောက်ပြီး ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတာ၊ ပရိဘောဂပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။