ရေဖြူမြို့နယ်မှာ သုံးပတ်အတွင်း လူငယ် ၁၇ ဦး ဖမ်းဆီးခံရ
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကနေ ၂၇ ရက်နေ့အထိ သုံးပတ်အတွင်းမှာ ဒေသခံ လူငယ် ၁၇ ဦး ဆက်တိုက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ရေဖြူမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်တစ်ခုမှာ ဆန်အိတ်တင်တဲ့ကားတစ်စီးကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ရာကနေ အခုလို ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆန်အိတ်က ကျေးဇူးတော်ရွာကို သယ်ဖို့အတွက် လုပ်ထားတာ။ အဲဒါ စစ်ကောင်စီ တပ်ဖွဲ့က ဆန်အိတ်သယ်တဲ့သူကို ဖမ်းထားလို့ ကျေးဇူးတော်ရွာက သူတို့ရွာသားတွေရဲ့ ဆန်အိတ်ဖြစ်ကြောင်း ထောက်ခံစာတွေနဲ့ သွားထုတ်တာ၊ အဲ အချိန်မှာ သွားထုတ်တဲ့ သုံးယောက်စလုံးပါ အဖမ်းခံရတယ်။ အဲနောက်ပိုင်း တစ်ယောက်စ၊ နှစ်ယောက်စ အဖမ်းခံရတော့တာ”
စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးဇူးတော်၊ နှမ်းကြဲနဲ့ ကရင်ရှင်တဘီ ကျေးရွာတွေက အသက် ၁၇ နှစ်ကနေ အသက် ၂၂ အရွယ် လူငယ်တွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ကို ထားဝယ် မြို့ အခြေစိုက် ခလရ တပ်ရင်း ၂၅ မှာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
အခုလို ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထား တာမရှိသလို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဘက်ကလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကလည်း စစ်တပ်က ကျေးဇူးတော်ကျေးရွာအနီးက ဒေသ ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်းတစ်ခုကို စီးနင်းခဲ့ရာမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ပြီး ကျန်သူတွေ လွတ်မြောက်ခဲ့တယ်လို့ ရေဖြူဒေသခံတွေက ပြောပါ တယ်။
ဆန်အိတ်တွေ ဖမ်းဆီးရမိပြီး နောက်ပိုင်း ကျေးဇူးတော်ရွာနားက ဒေသကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဒီကိစ္စနှစ်ခု ဆက်စပ်မှု ရှိ၊ မရှိ ဆိုတာ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်ဖွဲ့ဟာ အခု စက်တင်ဘာ ၃၀ ရက်အထိ ကျေးဇူးတော်ရွာမှာ တပ်စွဲထား တာကြောင့် ဒေသခံတွေက တောတောင်၊ ဥယျာဉ်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေအတွက် အတိအကျကိုတော့ ဒေသခံတွေက မပြောနိုင်ပါဘူး။
စစ်ကောင်စီတပ်ဖွဲ့တွေ ဒေသခံတွေကို ဖမ်းဆီးရာနေရာတွေဟာ ကရင်အမျိုးသားအစည်း အရုံး (KNU) တပ်မဟာ ၄ လက်အောက်ခံ နယ်မြေဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၂,၅၄၃ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။