စစ်ယာဉ်တန်းမိုင်းခွဲမှု စစ်သား ၃၀ လောက်သေဆုံးတယ်လို့ ယော PDF ထုတ်ပြန်
2021.08.23
မကွေးတိုင်း ဂန့်ဂေါ-ကလေးကားလမ်းမှာ စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းကို ယောဒေသ ဂန့်ဂေါ ပြည်သူ့ ကာကွယ်ရေးတပ် PDF က သြဂုတ် ၂၃ ရက် မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကား သုံးစီး ပျက်စီးသွာတယ်လို့ ယောဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦးလောက်သေဆုံးပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိတယ် လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်တွေ ဘက်က RPG လောင်ချာနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် YDF တပ်ဖွဲ့ကတွေဘက်က ထိခိုက်မှု မရှိဘူးလို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
စစ်ကိုင်းတိုင်း တမူးဒေသမှာရှိတဲ့ စစ်ကောင်စီ တပ်တွေအတွက် စစ်ကူအဖြစ် သွားနေတဲ့ စစ်ယာဉ်တန်းကို မနေ့က ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ တိုက်ခိုက်ခဲ့တဲ့ အကြောင်း ယောဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YDF ရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူးနဲ့ ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဦးဝေစိုးထိုက်က ပြောပြပါတယ်။
ယောဒေသ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ် PDF ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ စစ်ကား ရှစ်စီးပါတဲ့ စစ်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကား လေးစီးထိခိုက် ပျက်စီးသွားပြီး၊ တပ်သား ၃၀ လောက် သေဆုံးသွားတယ်လို့ ပါရှိပါတယ်။
ဒီ တိုက်ခိုက်ပြီးပြီးချင်း ပြန်ဆုတ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်ပစ်ခတ်လို့ သူတို့ဘက်က နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ Yaw YDF ပြည်သူ့ဆက်ဆံရေး တာဝန်ခံ ဦးဝေစိုးထိုက်က ပြောပါတယ်။ ယောဒေသ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ် PDF ရဲ့တိုက်ခိုက်ရေးနည်းဗျူဟာကိုလည်း သူကပဲ ပြောပြပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ မြန်မာစံတော်ချိန် မနေ့ည ၁၁ နာရီ ကျော်ထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် ထားတာ မတွေ့ရသေးပါဘူး။
ဂန့်ဂေါ (PDF) ဟာ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် အထူးလျှို့ဝှက် ထားခဲ့ပေမယ့် ခုချိန်ကစလို့ ထုတ်ပြန်သင့်တယ်လို့ ယူဆတဲ့ ဆောင်ရွက်ချက်တွေ ထုတ်ပြန်ကြေညာမယ့် အကြောင်း ပြည်တွင်း သတင်းတွေကို ဖော်ပြနေတဲ့ တာချီလိတ်အခြေစိုက် Tachileik News Agency ရဲ့ Facebook စာမျက်နှာမှာ မနေ့က ဖော်ပြပါတယ်။ မနေ့က ည ၉ နာရီခွဲလောက်မှာ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ တစ်ဝိုက်မှာ စစ်ကောက်စီရဲ့ မောင်းသူမယ့် ဒရုန်းယာဉ်တွေ ပျံဝဲပြီး ကင်းထောက်နေတာ တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၁၀ရက်နေ့ ညနေပိုင်းကလည်း ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို YDF တပ်ဖွဲ့တွေက မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထရပ်ကား တစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး၊ ဇူလိုင်လ ၂၈ ရက်နေ့ ကလည်း ဂန့်ဂေါ-ထီးလင်း လမ်းပိုင်းမှာ YDF အဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ကားနှစ်စီး ထိခိုက် ပျက်စီးခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။