ကျောက်ဂူဒေသခံ နှစ်ထောင်ကျော် စားနပ်ရိက္ခာ အကူအညီလိုအပ်
2025.03.13

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကျောက်ဂူဒေသက လူဦးရေ နှစ်ထောင်ကျော် စားနပ်ရိက္ခာအကူအညီလိုအပ်နေပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဆေးဝါးနဲ့ အစားအသောက်တွေ အခက်အခဲဖြစ်နေတယ်လို့ ကျောက်ဂူကျေးရွာဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“တချို့တွေဆို စားစရာမရှိဘူး။ အိမ်ကိုလည်း ပြန်မရတော့ ဖြစ်သလိုပဲ ရှာဖွေစားသောက်နေရတယ်ဗျ။ လာကူတဲ့သူ အခုလက်ရှိ မရှိသေးဘူး။ နှစ်လခွဲ သုံးလ လောက်တော့ရှိပြီ။ လိုအပ်တာတော့အများကြီး ကျန်းမာရေးတွေ၊ စားရေးသောက်ရေးတွေ လိုအပ်တယ်”
ကျောက်ဂူဒေသမှာရှိတဲ့ ကျေးရွာ ၂၄ ရွာထဲက ၁၄ ရွာလောက်က စစ်ဘေးတိမ်းရှောင်နေရပါတယ်။ ထွက်ပြေးနေရသူတွေက တောင်ယာတွေထဲမှာ စုပြီးနေကြရတယ်လို့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLA) ပြောရေးဆိုခွင့်ရှိသူ ကိုအမောင် က ပြောပါတယ်။
“ကျောက်ဂူ၊ မကျီကုန်း၊ ကျောက်ဆုံကျေးရွာဟာဆိုရင် နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပါတယ်။ ကလေးရဲရွာဆို ရွာလုံးကျွတ် ထွက်ပြေးနေရပြီး ရပ်စောက် အင်တောဘက်က ယာတောတွေထဲ တဲတွေ ထိုးပြီး နေထိုင်ကြရတယ်။ စစ်ရှောင်စခန်းရယ်လို့တော့ မဟုတ်ဘူး။ တောင်ယာထဲမှာပဲ စုပြီးနေကြတာ”
ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကနေ အခုမတ်လဆန်းပိုင်းအထိ ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်တွေနဲ့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော် (DPLA)၊ မဟာမိတ်အဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲပြင်းထန်နေတာပါ။
နှစ်ဖက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးကြောင့် အရပ်သား ငါးဦး သေဆုံးခဲ့သလို ဘုန်းကြီးကျောင်း နှစ်ကျောင်းအပါအဝင် အရပ်သားနေအိမ် ဆယ်လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း ကိုအမောင်က ပြောပါတယ်။
ကျောက်ဂူ၊ မကျီကုန်း၊ ကျောက်ဆုံ၊ မက်သင်္ဘော၊ ပုန်းအင်း၊ ထမင်းပေါင်း၊ ကျောက်မီးခတ်၊ လွိုင်ဟောင်၊ ဖက်ရင်းကုန်း၊ ခဲကြား စတဲ့ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေရတာဖြစ်ပါတယ်။
ကျောက်ဂူဒေသဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်း ဆက်သွယ်ရာမှာ အချက်အချာကျတဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် စစ်ရေးပြင်းထန်နေတာလို့ သူကပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင် ကို RFA က မတ်လ ၁၃ ရက်နေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။ DPLA၊ TNLA တို့ တိုက်ပွဲဖြစ်နေတဲ့ စစ်ကောင်စီတပ်က ခလရ ၂၉၂ ၊ ကျောက်ဂူ အမြောက်တပ် (၃၄၆) နဲ့ ဗထူးတပ်ကလာတဲ့ တပ်ပေါင်းစုတွေဖြစ်ပါတယ်။