ပုလဲမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် ဆေးဝါးနဲ့ ရိက္ခာ အကူအညီလိုနေ

RFA Burmese
2024.11.24
ပုလဲမြို့နယ်က စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် ဆေးဝါးနဲ့ ရိက္ခာ အကူအညီလိုနေ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဥ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နရေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့်ဟာ နေရပ်မပြန်နိုင်သေးတာကြောင့် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလိုနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက RFA ကို နိုဝင်ဘာ ၂၄ ရက် ဒီနေ့ပြောပါတယ်။

ပုလဲမြို့သိမ်းတိုက်ပွဲဖြစ်ခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ပုလဲမြို့ အပါအဝင် အလယ်ဘုံ၊ အေးကုန်း၊ သာယာကုန်း၊ ညောင်ကန်၊ ညောင်ကုန်း စတဲ့ရွာတွေ အပါအဝင် ရွာပေါင်း နှစ်ဆယ်ဝန်းကျင်က ဒေသခံ နှစ်သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒါ့ကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဟာ အအေးလွန်ကဲမှုကြောင့် အအေးပတ်တာ၊ ဖျားတာ၊ ချောင်းဆိုးတာ စတဲ့ရောဂါတွေ ခံစားနေရပြီး ဆေးဝါးမလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“လက်ရှိ ကျွန်တော်တို့ ဆေးဝါးကုသမှုကတော့ ရွာအတော်များများ မရောက်သေးတဲ့အခါမှာ အခက်အခဲလေးတွေ ရှိနေတာပေါ့။ တချို့က ဖြစ်သလို အိပ်ရတယ်။ ဆောင်းရာသီက အေးတယ်။ တမံသလင်းမှာ အိပ်ရတာရှိတယ်။ တောတွေထဲမှာ အိပ်ရတာရှိတယ်။ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ရတဲ့အခါမှာ စိတ်လည်း မကောင်းဘူး။ ကျန်းမာရေးကတော့ သက်ကြီးရွယ်အိုတွေ၊ ခလေးတွေမှာ အတော်လေး ထိခိုက်မှုတွေ တွေ့ရပါတယ်။ ကျန်းမာရေး တော်တော်မကောင်းဘဲ အိပ်ရာထဲမှာ ရောက်နေတာတွေ ကျွန်တော် မြင်တွေ့ထားပါတယ်”

ပုလဲမြို့နယ်မှာ တစ်နေရာနဲ့ တစ်နေရာ ဆေးဝါးသယ်ယူတဲ့အခါ စစ်ကောင်စီတပ်ဘက်က ကန့်သတ်ထိန်းချုပ်ထားတယ်လို့လည်း သူက ပြောပါတယ်။

ဒီအပြင် နိုဝင်ဘာ ၂၃ ရက်က ပုလဲမြို့နဲ့ ကပ်နေတဲ့ အလယ်ဘုံရွာက နေအိမ် ခုနစ်လုံးကို စစ်ကောင်စီတပ်က ထပ်မံ မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ထားတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးဘဲ တိုက်ပွဲမဖြစ်တဲ့ ရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၂၄ ရက် ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

လက်ရှိအခြေအနေအရ နှစ်ဖက်တိုက်ပွဲ မဖြစ်တော့ပေမဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ပုလဲမြို့နဲ့ အနီးဝန်းကျင်က ရွာတချို့ မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။