ရှမ်း-ကယားနယ်စပ်က စစ်ဘေးဒုက္ခသည်ကလေးငယ်တွေ အရေပြားရောဂါ ဖြစ်ပွားနေ

RFA Burmese
2024.12.26
ရှမ်း-ကယားနယ်စပ်က စစ်ဘေးဒုက္ခသည်ကလေးငယ်တွေ အရေပြားရောဂါ ဖြစ်ပွားနေ ရှမ်း-ကယားနယ်စပ် စစ်ဘေးဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် သားအမိနှစ်ဦးအား ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
Citizen Photo

ရှမ်း-ကယားနယ်စပ်မှာရှိတဲ့ စစ်ဘေးသင့် ကလေး ၂၀ ကျော် အရေပြားယားနာတာတွေဖြစ်ပြီး ဆေးဝါးကုသဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးသင့် ကူညီပေးနေသူတစ်ဦး က RFAကို ပြောပါတယ်။ ဒီစစ်ဘေးသင့်ပြည်သူတွေဟာ လွိုင်ကော်၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဆီဆိုင်ဘက်က ဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် ဆေးဝါးကုသဖို့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

“ကလေးတွေ ဘယ်နေရာမှာ အဖြစ်များလဲဆိုတော့ ၁၀ နှစ် နဲ့ ၁၃ နှစ်လောက် အရွယ်မရွေးဘူးပေါ့။ လူကြီးတွေလည်း တချို့ဖြစ်တယ်။ ဒါပေမယ့် တချို့က ပျောက်တယ်။ တချို့က မပျောက်ဘူး။ နည်းနည်းပါးပါး ပါးသွားတာလောက်ပဲ ရှိတာပေါ့။ တကယ်လို့ ညှီနံ့တွေ ပြန်စားမိရင် ပြန်ဖြစ်တယ်။ အဲ့ဒီကလေးတွေက အရမ်းဆိုးဝါးသွားတယ်”

လက်ရှိ အဲ့ဒီစခန်းမှာ လူဉီးရေ ၁၅၀ လောက် နေထိုင်ကြပြီး အများစုက ကရင်နီဘက်က ရောက်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်ပါတယ်။

ဒီအရေပြားယားနာ ဖြစ်ပွားတာ နှစ်လကျော်လောက်ရှိနေပြီဖြစ်ပြီး ဝမ်းဗိုက်၊ ကျောပြင်၊ ခြေချောင်း၊ လက်ချောင်း စတဲ့ နေရာတွေမှာ အများဆုံးဖြစ်တယ်လို့ သူက ပြောပါတယ်။

ယားနာဖြစ်တဲ့ အရေပြားကနေ ထပ်ပြီးကူးစက်နိုင်တာကြောင့် ဆေးဝါးကုသဖို့ လိုအပ်တယ်လို့ ကျန်းမာရေး ဆေးကုသပေးနေသူတစ်ဦးက ပြောပါတယ်။

“ဝဲပေါ်မှာ ဖြစ်ပြီးတော့ ဒုတိယအဆင့်ကို ကူးသွားတဲ့ အရေပြားရောဂါနဲ့ တူတယ်ဗျ။ ဆေးခန်းပြဖို့ လိုမယ်လို့ ကျွန်တော်ထင်တယ်။ အခန့်မသင့်ရင် ဘေးကလူတွေပါကူးတာတွေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်တော့ ထိခိုက်နိုင်ခြေနည်းမယ်။ ဘေးကလူတွေကိုတော့ ကူးစက်နိုင်ခြေများတယ်”

အဲ့ဒီစစ်‌ဘေးဒုက္ခသည်တွေဟာ ဆေးဝါးအပြင် ဆောင်းရာသီကာလဖြစ်တာကြောင့် အနွေးထည်၊ စောင်တွေ လိုအပ်နေကြသလို လက်ရှိအချိန်အထိ ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းမရှိသေးဘူးလို့ ကူညီပေးနေသူ အမျိုးသမီးက ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဒီဇင်ဘာ ၅ရက်နေ့ ထုတ်ပြန်ချက်အရ ၂ဝ၂၅ ခုနှစ်မှာ ကလေး ၆ ဒသမ ၄ သန်းအပါအဝင် လူဦးရေ ၁၉ ဒသမ ၉ သန်းအတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်း ပညာမသင်ရတဲ့ ကလေးဦးရေ ကိုးသိန်းနှစ်သောင်းနီးပါး ရှိတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။