တန့်ယန်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းက နိုင်ငံခြားသား ၁၆၅ ဦးဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန်

RFA Burmese
2025.03.13
တန့်ယန်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းက နိုင်ငံခြားသား ၁၆၅ ဦးဖမ်းမိကြောင်း စစ်ကောင်စီထုတ်ပြန် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေကြသူများအား ၂ဝ၂၅ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဖမ်းဆီးမိစဉ်။
Photo: Myanmar Military

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်မှာ တရားမဝင် အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးလိမ်လည်တဲ့လုပ်ငန်း လုပ်ကိုင်နေတဲ့ တရားမဝင် နိုင်ငံခြားသား ၁၆၅ ဦးနဲ့ မြန်မာနိုင်ငံသား တစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁၂ ရက်နေ့က ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။ ဘယ်နိုင်ငံတွေကဆိုတာတော့ ထည့်သွင်းရေးသားတာ မရှိပါဘူး။

မတ်လ ၁၃ ရက်နေ့မှာပဲ ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ တရားမဝင်ဝင်ရောက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၄၅၀ ဦးကို ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ကနေတစ်ဆင့် သက်ဆိုင်ရာနိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ် မြန်မာပြည် အရှေ့မြောက်ပိုင်းက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မတ်လ ၇ ရက်နေ့ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပေမဲ့ တရုတ်နယ်စပ်နဲ့ နီးစပ်တဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ ဟိုပန်၊ မူဆယ်မြို့တွေမှာ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဆက်လက်ကြီးထွားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

UWSA “ဝ”တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကတော့ သူတို့ ထိန်းချုပ်ဒေသအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နေပြီး လူထုအနေနဲ့ သိရှိရင်လည်း သတင်းပေးလို့ရတယ်လို့ ပြောပါတယ်။

၂၀၂၄ နိုဝင်ဘာအတွင်းကလည်း UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ တန့်ယန်းမြို့နယ်အတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူ တစ်ထောင်ကျော်ကို “ဝ” တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံကို ပြန်လွှဲပေးခဲ့ပါတယ်။

မြန်မာ-တရုတ်နယ်စပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်နိုင်ငံက ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။