စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်က အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

RFA Burmese
2024.10.28
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ်က အရပ်သားတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သပြေရပ်ကွက် လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် အဆောက်အဦတစ်ခုအား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: PSLF/TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက ‌လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အောက်တိုဘာ ၂၈ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ် သပြေရပ်ကွက်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ အောက်တိုဘာ ၂၇ ရက်နေ့ညမှာ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ခြောက်ဆယ်အရွယ် ဦးသိန်းထွန်းသေဆုံးပြီး အသက် ငါးဆယ်ဝန်းကျင် ဒေါ်ပု ထိခိုက်ဒဏ်ရာရခဲ့တာလို့ TNLA က ပြောပါတယ်။ ဒါ့အပြင် နေအိမ် သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မနက်အစောပိုင်းကလည်း မုံးစီးမြို့နယ် ရေပူစမ်းအနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

အောက်တိုဘာလ ၂၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က ပြင်ဦးလွင်ကနေ မိုင်နှစ်ဆယ်နီးပါးဝေးတဲ့ နောင်ချိုမြို့နယ်က ဘန့်ဘွေး၊ ဂန့်ကော်ရွာတွေဘက်ကို အင်အား နှစ်ရာကျော်နဲ့ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာ တစ်ပတ်ကျော်ရှိပြီလို့ နောင်ချိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

နောင်ချိုမြို့နယ် ဂန့်ကော်ရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းမှာတော့ အဲဒီရွာကို စစ်ကောင်စီတပ်က ထိန်းချုပ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"၁၀၂၇ စစ်ဆင်ရေး" ကာလအတွင်း နောင်ချိုမြို့ကို TNLA၊ မန္တလေး PDF နဲ့ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာပါ။ လက်ရှိမှာ နောင်ချိုမြို့ကို ပြန်ရရေးအတွက် စစ်ကောင်စီက မြေပြင်ကရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ "၁၀၂၇ စစ်ဆင်ရေး" အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့် သေဆုံးသူ ၃၃၉ ဦးနဲ့ ဒဏ်ရာရသူ ၆၇၂ ဦးရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(HRAN)က အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။