နောင်ချို တောင်ခမ်းမှာ စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်

RFA Burmese
2025.03.04
နောင်ချို တောင်ခမ်းမှာ စစ်ကောင်စီ ထိုးစစ်ကြောင့် တိုက်ပွဲဆက်လက်ပြင်းထန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားသည့်နေရာအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က TNLA မှ ထုတ်ပြန်ခဲ့စဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က တောင်ခမ်းရွာ အနီးတစ်၀ိုက်မှာ စစ်ကောင်စီတပ်ရဲ့ မြေပြင်ထိုးစစ်ကြောင့် မတ်လ ၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်က တပ်စခန်းတချို့ ပြန်ဆုတ်ပေးလိုက်ရတာရှိတယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က နည်းပညာအဆင့်မြင့် ဒရုန်းတွေကိုပါ အသုံးပြုပြီး ထိုးစစ်ဆင်နေတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်တပ်က လေကြောင်းရော၊ ဒရုန်းရော သုံးပြီး မြေပြင်ကနေပါ တိုက်နေတယ်။ လက်နက်ကြီးသံတွေ နေ့တိုင်းကြားနေရတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စခန်းတချို့ ပြန်ဆုတ်ပေးလိုက်ရတယ်လို့လည်း သိရတယ်"

စစ်ကောင်စီရဲ့ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တောင်ခမ်းတိုက်နယ်အတွက် အရေးပါတဲ့ လုံကာရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ သိမ်းပိုက်နိုင်ပြီး တောင်ခမ်းတိုက်နယ်ကို ပြည်လည်ထိန်းချုပ်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

TNLA ပြောခွင့်ရသူ လွေးယေဦးကတော့ တောင်ခမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်း ပြောဆိုထားပြီး တပ်စခန်းတွေ ပြန်လည်ဆုတ်ခွာပေးရတယ်ဆိုတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော် အကွာမှာရှိတဲ့ တောင်ခမ်းရွာက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာ ရှစ်လကျော်အထိ ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။