ဒေသတွင်းပဋိပက္ခကို KIA နဲ့ TNLA ဆွေးနွေးညှိနှိုင်းမည်
2025.03.03

ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ညှိနှိုင်းဖို့ ဆောင်ရွက်နေတယ်လို့ နှစ်ဖက်တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံတွေက မတ်လ ၃ ရက်နေ့မှာ ပြောပါတယ်။
မန်တုံမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း နယ်မြေစိုးမိုးရေးကိစ္စနဲ့ ပတ်သက်လို့ TNLA နဲ့ KIA အောက်ခြေတပ်ဖွဲ့ဝင်တွေကြားမှာ မကြာခဏ အငြင်းပွားမှုတွေ ရှိနေတာပါ။
ဒီလိုအငြင်းပွားမှုကိစ္စတွေ ထပ်မဖြစ်ဖို့အတွက် TNLA စစ်ဦးစီးချုပ်ကိုယ်တိုင် ညွှန်ကြားထားပြီး ညှိနှိုင်းဆွေးနွေးဖို့အတွက် KIA ဗဟိုအဆင့်ကို စာပေးပို့ထားတယ်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
“အထူးသဖြင့် ဒီလထဲမှာ KIA နဲ့ TNLA အောက်ခြေတပ်သားတွေကြားမှာ ထိတွေ့မှုတွေ မကြာခဏဖြစ်နေ တာကို တွေ့ရပါတယ်။ ဒီလိုပြဿနာတွေ ထပ်ပြီး မကြီးထွားဖို့ ကျွန်မတို့ စစ်ဦးစီးချုပ်ကိုယ်တိုင် ညွှန်ကြားထားပါတယ်။ KIA ဗဟိုကိုလည်း ညှိနှိုင်းဆောင်ရွက်ဖို့ စာပေးပို့ထားပါတယ်”
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း TNLA ဘက်ကပြောသလို ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်။
“TNLA ပြောသလို နှစ်ဖက်ဗဟိုအဆင့် ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။ ဘယ်တော့ ဆွေးနွေးမယ်ဆိုတာမျိုးတော့ မသိရသေးပါဘူး”
အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေး လေ့လာသူတစ်ဦးကတော့ နှစ်ဖက်ခေါင်းဆောင်တွေအနေနဲ့ အောက်ခြေပြဿနာတွေကို အချိန်မဆွဲဘဲ ဖြေရှင်းဖို့ အရေးကြီးကြောင်း ပြောဆိုပါတယ်။
“လက်ရှိအချိန်က အခုလို အငြင်းပွားနေဖို့ မဟုတ်ပါဘူး။ တော်လှန်ရေးက မပြီးသေးပါဘူး။ ဒီလိုအငြင်းပွား ကွဲပြားနေမှုက အချင်းချင်း မစည်းလုံးဘူးဆိုတဲ့ ကိုယ့်အားနည်းချက်ကို တစ်ဖက်ကသိအောင် ပြောပြနေသလိုပဲ။ ဒါကြောင့် ခေါင်းဆောင်ပိုင်းတွေ အချိန်မဆွဲဘဲနဲ့ ဆွေးနွေးညှိနှိုင်းဖို့လိုတယ်လို့ ပြောချင်တာပါ”
တိုင်းရင်းသားလူငယ်တွေကြားမှာလည်း ဆိုရှယ်မီဒီယာတွေကနေ လူမျိုးရေးဆန်တဲ့ အပြန်အလှန် စွပ်စွဲပြောဆိုမှုတွေကို ရှောင်ရှားဖို့လိုတယ်လို့လည်း သူက ထောက်ပြပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သိမ်းပိုက်ထားတဲ့ မန်တုံ၊ ကွတ်ခိုင်မြို့နယ်တွေနဲ့ ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ မုံးကိုးမြို့နယ်တွေမှာ KIA၊ TNLA နဲ့ MNDAA တပ်ဖွဲ့ အောက်ခြေတပ်သားတွေကြား မကြာခဏ ဆိုသလို နယ်မြေအငြင်းပွားမှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒေသခံတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တင်းမာမှုတွေ ပိုတိုးလာပြီး တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ပြောကြပါတယ်။