TNLA ထိန်းချုပ်ဒေသမှာ မြေမြှုပ်မိုင်းကြောင့် တစ်လအတွင်း ခြောက်ဦးသေ၊ ရှစ်ဦး ဒဏ်ရာရ
2025.03.02

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မြေမြှုပ်မိုင်းကြောင့် ဖေဖော်ဝါရီလ တစ်လအတွင်း ကလေးငယ်တွေ အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး ရှစ်ဦး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့တယ်လို့ TNLA က မတ်လ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သီပေါမြို့နယ်အတွင်းမှာ သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ လေးဦးနဲ့ ကွတ်ခိုင်မြို့နယ်မှာ ကလေးငယ် နှစ်ဦးအပါအဝင် သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ သုံးဦးနဲ့ နမ့်ခမ်းမြို့အတွင်းမှာတော့ ဒဏ်ရာရသူ တစ်ဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြေမြှုပ်မိုင်းတွေကို ကောက်ယူဆော့ကစားရာကနေ ထိခိုက်သေဆုံးရတာက အများဆုံးဖြစ်နေတာကြောင့် မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေနဲ့ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေ ပိုလုပ်ပေးဖို့လိုတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“မိုင်းတွေက နေရာတကာမှာ ရှိနေသေးတယ်။ တွေ့တဲ့နေရာကိုတော့ အသိပေးလို့ အကြောင်းကြားလို့ရတာပါ့။ မိုင်းဘယ်မှာ ထောင်ထားတယ်ဆိုတာဘယ်သူမှ မသိဘူးလေ။ ရှိနိုင်တဲ့နေရာတွေကို အသိပညာပေးတာ။ မိုင်းရှင်းလင်းတာတွေ လုပ်ဖို့လိုနေတာ”
TNLA ထိန်းချုပ်ဒေသအတွင်းမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ရဲ့ ပြောခွင့်ရသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေဆိုတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၃၀ ဦး သေဆုံးပြီး ၇၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မှာ သေဆုံးသူ ၂၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၉၉ ဦးနဲ့ အများဆုံး စံချိန်တင်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ၂၇ ဦးနဲ့ ရခိုင်ပြည်နယ်က သေဆုံးသူ ၂၂ ဦးအထိ ရှိခဲ့တယ် ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။