TNLA နယ်မြေမှာ ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦးသေဆုံး

RFA Burmese
2025.03.01
TNLA နယ်မြေမှာ ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ဦးသေဆုံး လေကြောင်းတိုက်ခိုက်ခံရသည့် နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA News

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာကြောင့် ဖေဖော်ဝါရီလအတွင်း အရပ်သား ၁၃ ဦးသေဆုံးခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မတ်လ ၁ ရက်နေ့မှာ TNLA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မိုးကုတ်မြိုအနောက်ပိုင်း ဝန်းထရံရပ်ကွက်အတွင်း စစ်ကောင်စီကလေကြောင်းကနေ ဗုံးအလုံး ၂၀ လာရောက်ကြဲချတာကြောင့် အရပ်သား ငါးဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း နောင်ချိုမြို့ ဘူတာရပ်ကွက်နဲ့ နောင်ချိုပြည်သူ့ဆေးရုံပေါ် ဗုံး နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်တာ အရပ်သားသုံးဦး သေဆုံးခဲ့ရပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အလားတူ မိုးမိတ်မြိုနယ် ဝဲဘောင်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့ရပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်နဲ့ နောင်ချိုမြို့နယ်တွေ ငါးဦးစီ သေဆုံးပြီး မိုးမိတ်မြို့နယ်မှာ သုံးဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် TNLA နဲ့ စစ်ကောင်စီတပ်တွေအကြား ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တောင်ရှည်နဲ့ မန်မော်ကျေးရွာ အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်တာကြောင့် TNLA တပ်သား ဆယ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီလကလည်း TNLA ထိန်းချုပ်ဒေသဖြစ်တဲ့ နောင်ချို၊ မိုးကုတ်နဲ့ ကျောက်မဲမြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။