နောင်ချိုတိုက်ပွဲမှာ အဆိပ်ဗုံးတွေ စစ်ကောင်စီ သုံးခဲ့ကြောင်း TNLA ပြော

RFA Burmese
2025.02.24
နောင်ချိုတိုက်ပွဲမှာ အဆိပ်ဗုံးတွေ စစ်ကောင်စီ သုံးခဲ့ကြောင်း TNLA ပြော စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် နေရာအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က TNLA မှ ထုတ်ပြန်ခဲ့စဉ်။
PSLF/TNLA News Photo

စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တိုက်ပွဲတွေမှာ ဓာတုအဆိပ်ငွေ့ဗုံးတွေ သုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၄ ရက် ဒီနေ့မှာ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းမှာ တောင်ရှည်ကျေးရွာနဲ့ မန်မော်ကျေးရွာ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဓာတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရပြီး လေးဦးဒဏ်ရာ ပြင်းထန်နေတယ်လို့ TNLA ဘက်က ဆိုပါတယ်။

အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ဓာတုအဆိပ်ငွေ့ဗုံး အမျိုးအစားကိုတော့ အတိအကျကိုတော့ TNLA ဘက်က အသေးစိတ် မထုတ်ပြန်ပေမဲ့ အဆိပ်ငွေ့ဒဏ်သင့်ခဲ့တဲ့ တပ်သားတွေဟာ မူးဝေတာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ အောက်စီဂျင်ကျတဲ့ ဝေဒနာတွေကို ခံစားနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ကောင်စီတပ်က တိုက်ပွဲအတွင်းမှာ သာမိုဘားရစ် အမျိုးအစား လေကွဲဗုံးသီးတွေကို အသုံးပြုနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“အဆိပ်ငွေ့ဆိုတာထက် သာမိုဘာရစ် ဗုံးသီးအမျိုး အစားတွေ ဖြစ်ဖို့များပါတယ်။ သာမိုဗိုင်းရပ်စ်က အမ်အေ-၁၀ လို့ ခေါ်တဲ့ RPG နဲ့ ပစ်ခဲ့ဖူးတယ်။ သူက ပစ်မှတ်ကို ထိတာမဟုတ်ဘဲနဲ့ လေပေါ်မှာကွဲတာ။ အနီးအနားက အောက်ဆီဂျင်တွေကို စုပ်ယူတယ်။ နားစည်တွေကို ကွဲစေတယ်။ ဦးနှောက်ကို ထိခိုက်စေတယ်။ အဓိက ဒီဗုံးသီးတွေကို ကပစ-၃ နဲ့ ကပစ -၂၁ က ထုတ်တယ်”

စစ်ကောင်စီတပ်ဟာ ခြေလျင်တပ်သုံး သာမိုဘာရစ်တွေကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ စတင်အသုံးပြုခဲ့တယ်လည်း ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးတွေ သုံးလာတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့တို့ကြား ကူမင်းဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွားကို မြေပြင်ရော၊ လေကြောင်းကနေပါ ပိုမိုထိုးစစ်ဆင်နေတယ်လို့ TNLA ဘက်က ပြောပါတယ်။

ကူမင်း ဆွေးနွေးအပွဲအပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နဲ့ နမ့်ခမ်းမြို့တွေကို လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။