မိုးဗြဲတိုက်ပွဲ တစ်လအတွင်း စာသင်ကျောင်းနဲ့ နေအိမ်ခြောက်ဆယ်ခန့် ပျက်စီး

RFA Burmese
2025.03.04
မိုးဗြဲတိုက်ပွဲ တစ်လအတွင်း စာသင်ကျောင်းနဲ့ နေအိမ်ခြောက်ဆယ်ခန့် ပျက်စီး ကယား (ကရင်နီ) ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခုအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က KNDF မှ ထုတ်ပြန်ခဲ့စဉ်။
KNDF - Karenni Nationalities Defence Force Photo

ကယား (ကရင်နီ) ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဖေဖော်ဝါရီလ တိုက်ပွဲတွေအတွင်း အရပ်သား ငါးဦးသေဆုံးပြီး ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ်ခြောက်ဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ငါးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့်လည်း ဆေးပေးခန်းတစ်ခု၊ စာသင်ကျောင်း ငါးခု၊ ဘာသာရေးအဆောက်အုံ ငါးခု၊ နေအိမ် ၅၈ လုံး ပျက်စီးပြီး အများစုက မိုးဗြဲမြို့မှာရှိတဲ့ နေအိမ်နဲ့ အဆောက်အအုံတွေလို့ KNDF က ဖော်ပြပါတယ်။

မိုးဗြဲ၊ လွိုင်ကော်၊ ဖားဆောင်းနဲ့ ဘောလခဲ မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးနဲ့ KNDF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့မှာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလမှာ တိုက်ပွဲပိုမိုပြင်းထန်ခဲ့တယ်လို့ ကရင်နီပူးပေါင်းတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ သူတစ်ပြန်ကိုယ်တစ်ပြန်ပဲ သူတို့ဘက်က ထိုးစစ်ဝင်လာလိုက် ပြန်လန်ကျသွားလိုက်ပါပဲ တော်လှန်ရေးအဖွဲ့တွေကတော့ ခံစစ်ပေါ့”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဖေဖော်ဝါရီတစ်လအတွင်း စစ်ကောင်စီတပ်ကနေ KNDF ထပ်ခိုလှုံလာသူ ခုနစ်ဦးနဲ့ ရှေ့တန်းစစ်မြေပြင်မှာ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။